မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာ နေထိုင်သူ ရှမ်းနီလူမျိုး စိုင်းထွန်းနောင် (ခ) လငို့ ကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်မှာ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
စိုင်းထွန်းနောင် (ခ) လငို့ ကို KIA အဖွဲ့က ဖမ်းဆီးသွားမှုနဲ့ ပတ်သက်ပြီး ၎င်းရဲ့ ဇနီးဖြစ်သူနဲ့ ဆွေမျိုးသားချင်းတွေမှ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ – PCG (ကချင်) ထံ ကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့ပြီး လွတ်မြောက်နိုင်ရေးကိစ္စအတွက် နှစ်ကြိမ်တိုင်တိုင် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတောင်းဆိုမှုကို PCG အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KIA ထံ ပြောကြားမည်ဟု ကတိပေးခဲ့သော်လည်း လက်ရှိ အချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ်၊ မေလအတွင်း စိုင်းထွန်းနောင် (ခ) လငို့ဖြစ်သူရဲ့ ဇနီးနဲ့ဆွေမျိုးတွေက မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ထံ အကူအညီတောင်းခံလာခဲ့ပြီး မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ကလည်း မေလ ၂၆ ရက်စွဲဖြင့် PCG အဖွဲ့ထံ အကူအညီတောင်းခံစာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
သို့သော်လည်း လက်ရှိအချိန်ထိ စိုင်းထွန်းနောင် ဖမ်းဆီးခံရမှုနဲ့ ပတ်သက်၍ ၎င်းရဲ့ ဇနီးနဲ့ ဆွေမျိုးတွေထံသော်လည်းကောင်း၊ မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ထံ သော်လည်းကောင်း PCG အဖွဲ့က အကျိုးအကြောင်း ပေးပို့ပြန်ကြားခြင်း မရှိဘူးလို့ ဆိုပါတယ်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIA)
စိုင်းထွန်းနောင်ဟာ ART ဆေးသောက်ပြီး မိမိရဲ့ မိသားစုကို ရှာဖွေကျွေးမွေးနေသူဖြစ်သလို လက်ရှိမှာ ၎င်းရဲ့ ဇနီးမှာလည်း ငယ်ရွယ်တဲ့ ကလေးငယ် (၂) ဦးဖြင့် စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။
“ကျမ နန်းသီရိစံဟာ စိုင်းထွန်းနောင်ရဲ့ တရားဝင်ဇနီးမယား ဖြစ်ပြီး ကျမတို့မှာ ၄ နှစ်သားတစ်ဦးနဲ့ မိခင်နို့စို့အရွယ် သားတစ်ဦးရှိပါတယ်။ ကျမတို့ မိသားစု ဘဝမှာ ကြုံရာကျဘမ်းနဲ့ လုပ်ကိုင်စားသောက်နေရပါတယ်။ ခင်ပွန်းသည်ကိုသာ အဓိက အားကိုးမှီခိုနေရတာကြောင့် ခင်ပွန်းသည် ဖမ်းဆီးခံနေရ၍ ကလေးငယ် ၂ ဦးနဲ့ ကျမမှာ အလွန်ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့နေရပါတယ်။ ခင်ပွန်းသည်ကို ပြန်လည်လွှတ်ပေးဖို့ တောင်းခံအပ်ပါတယ်” လို့ ဆိုပါတယ်။
အသက် ၂၆ နှစ်အရွယ် စိုင်းထွန်းနောင် (ခ) လငို့ကို KIA အဖွဲ့က နမ့်မြင်းချောင်း၊ နမ့်ဝါကြိုးတံတားအနီးမှာ ဖမ်းဆီးသွားတာဖြစ်ပြီး လက်ရှိအချိန်အထိ သတင်းအစအနပင် မကြားရသေးဘူးလို့ ဆိုပါတယ်။
ဒါကြောင့် KIA အဖွဲ့အနေဖြင့် စိုင်းထွန်းနောင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဇနီးနဲ့ ဆွေမျိုးတွေအပြင် မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ကလည်း တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့ကလည်း မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့မှ ဦးဆောင်သူအပါအဝင် ဒေသခံရှမ်းနီလူမျိုး ၄ ဦးကို KIA က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ တာလောကြီး၊ ဆင်ဘို၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်ဒေသတွေမှာ KIA ဟာ ဒေသခံ ရှမ်း၊ ရှမ်းနီလူမျိုးတွေကို မတရား ဖမ်းဆီး၍ တပ်သားအဖြစ် အဓမ္မစေခိုင်းမှုတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။