Home » ခါမ်းပတ်မြို့နယ်က ကမ္မကြီးရွာကို စစ်တပ် ထပ်မံသိမ်းပိုက်

ခါမ်းပတ်မြို့နယ်က ကမ္မကြီးရွာကို စစ်တပ် ထပ်မံသိမ်းပိုက်

by Homeland Author

ကလေး – တမူးလမ်းကြောင်းပေါ်ရှိ ခါမ်းပတ်မြို့နယ်အတွင်းက ကမ္မကြီးရွာကို စစ်တပ်က ဇူလိုင် ၂၁ ရက်နေ့မှာ ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်လို့ ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ဟာ မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့ ကလေး – တမူးလမ်းကြောင်းတစ်လျှောက်ကို ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့မှစ၍ စစ်တပ်စစ်ကြောင်းဟာ ကလေး – တမူးလမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာတွေကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဇွန်လ ၂၀ ရက်နေ့မှာ ခါမ်းပတ်မြို့နဲ့ ဇွန်လ ၃၀ ရက်နေ့မှာ ကနန်ကျေးရွာတို့ကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ခါမ်းပါတ်မြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်မှာ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက် ထိန်းချုပ် ထားတာဖြစ်ပြီး လက်ရှိမှာတော့ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတာပဲ ဖြစ်ပါတယ်။

ခါမ်းပတ်မြို့ကနေ တက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဇူလိုင် ၁၉ ရက်နေ့မှာ ကမ္မကြီး (ချင်း) ကျေးရွာ နဲ့ ဇူလိုင် ၂၁ ရက်နေ့မှာ ကမ္မကြီး (ဗမာ) ကျေးရွာတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လက်နက်၊ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းထဲက ကလေး – တမူးအာရှလမ်းမကြီးမှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် လမ်းပိုင်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ နေထိုင်သူအားလုံး လက်ရှိနေရာကနေ ရွှေ့ပြောင်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံအဖွဲ့တွေက အသိပေးထုတ်ပြန်ထားပါတယ်။

အဲဒီ ထုတ်ပြန်ချက်မှာတော့ ကလေး – တမူးလမ်းပိုင်းက ကျေးရွာနေထိုင်သူတွေအနေနဲ့ တခြားဘေးကင်းရာကို ရွှေ့ပြောင်းနေထိုင်ခြင်းမရှိဘဲ ကျေးရွာတွင်းမှာပဲ ဆက်လက်နေထိုင်ပါက လိုအပ်သလို အရေးယူသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းက အိန္ဒိယ ဝန်ကြီးချုပ် မိုဒီရဲ့ဖိတ်ကြားချက်အရ ဦးမင်းအောင်လှိုင်ဟာ သမ္မတရာထူးယူပြီးတဲ့နောက် သူ့ရဲ့ ပထမဆုံးပြည်ပခရီးစဥ်အဖြစ် အိန္ဒိယနိုင်ငံကို ၅ ရက်တာ သွားရောက်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး – တမူး လမ်းကြောင်း၊ ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်တပ်က အရှိန်မြှင့်ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

related posts

Leave a Comment