စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးအနီးမှာရှိတဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ သူတို့ရဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ စစ်စခန်းတွေကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ထပ်မံသိမ်းပိုက်လိုက်တယ်လို့ ဒေသတွင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က ဂွေးတောက်ကုန်းကျေးရွာအုပ်စုအတွင်းမှာ အခြေချလှုပ်ရှားနေတဲ့ KIA/PDF ရဲ့ စခန်းကြီး၊ စခန်းငယ် ၁၉ ခုကို SNA ဘက်က သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် SNA ဘက်က သိမ်းပိုက်လိုက်တဲ့ စခန်းတွေထဲကနေ KIA/PDF အဖွဲ့တွေ အသုံးပြုတဲ့ မိုင်း ၃၅ လုံး၊ စာရွက်စာတမ်းတွေ၊ ခဲယမ်းအချို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကတည်းက SNA ဘက်ကနေ ရွှေပြည်အေးအနီး ဂွေးတောက်ကုန်းကျေးရွာအုပ်စု၊ တီလောင်ကျေးရွာဝန်းကျင်မှာရှိတဲ့ KIA/PDF စခန်းတွေကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ဇွန် ၁၅ ရက်နေ့အထိ စခန်း ၅ ခုထက်မနည်း သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိ SNA ဘက်က သိမ်းပိုက်လိုက်တဲ့ စခန်းတွေဟာ မုံရွာ–ဟုမ္မလင်း–ခန္တီး ရေလမ်းကြောင်းပေါ်မှာ ကုန်စည်ကူးသန်းသွားလာနေတဲ့ ရေယာဉ်တွေဆီကနေ ငွေကြေးကောက်ခံနေတဲ့ အခွန်ဂိတ်တွေဖြစ်တယ်လို့ SNA ဘက်က ပြောပါတယ်။
အခုလို တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာကြောင့် ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ကလည်း သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းက အဝင်အထွက်ဂိတ်တွေ၊ ကုန်းလမ်းနဲ့ ရေလမ်းဂိတ်တွေအပြင် အခွန်ဂိတ်အားလုံးကိုပါ ဇွန်လ ၁၀ ရက်နေ့ကစပြီး ပိတ်ပင်ထားပါတယ်။
ဒါ့အပြင် ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြစ်ပြင်တစ်လျှောက်နဲ့ သောင်သွပ်တိုက်နယ်အတွင်းမှာ အသုံးပြုနေတဲ့ Starlink အပါအဝင် အင်တာနက်နဲ့ ဝိုင်ဖိုင် (Wi-Fi) အသုံးပြုမှုအားလုံးကိုလည်း ဇွန်လ ၁၀ ရက်နေ့ကစပြီး အသုံးပြုခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။