Home » PLA တပ်စခန်းကို NUG က စီးနင်း၊ မြင်းခြံခရိုင်မှ ထွက်ခွာခိုင်းမှု လက်ခံနိုင်ဖွယ်မရှိဟု ဆို

PLA တပ်စခန်းကို NUG က စီးနင်း၊ မြင်းခြံခရိုင်မှ ထွက်ခွာခိုင်းမှု လက်ခံနိုင်ဖွယ်မရှိဟု ဆို

by Homeland Author

မြင်းခြံခရိုင်အတွင်းက ကျေးရွာ ၂ ရွာမှာရှိတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အထိုင်စခန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က ဝင်ရောက် စီးနင်းခဲ့တယ်လို့ PLA က ထုတ်ပြန်ခဲ့ပါတယ်။

ဒီနေ့ ဇွန်လ ၂၂ ရက်မှာ NUG လက်အောက်ခံတပ်ဖွဲ့တွေက Faw ကား (၂) စီး၊ Probox ကား (၁) စီး ခန့်မှန်းအင်အား ၈၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး PLA ကို ကူညီနေတဲ့ ပြည်သူ့နေအိမ်တွေကိုလည်း ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အနီးအနားက ကျေးရွာတခုမှာလည်း တပ်တွေဖြန့်ပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးမေးမြန်းတာတွေ ပြုလုပ်နေကြောင်း၊ ဒါ့အပြင် မိမိတို့ ရဲဘော်တဦးရဲ့ အမဖြစ်သူကိုလည်း သေနတ်ဖြင့် ခြိမ်းခြောက် ဖမ်းဆီးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

PLA အနေနဲ့ NUG ရဲ့ ယန္တရားတွေ နဲ့ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ အခုလို တပ်စခန်းတွေကို အင်အားအလုံးအရင်းသုံးပြီး ဝင်ရောက်စီးနင်းတာ နဲ့ မြန်မာစစ်တပ်ကို တိုက်ခိုက်ဖို့ မြင်းခြံခရိုင်အတွင်း လှုပ်ရှားနေတဲ့ မိမိတို့ တပ်ဖွဲ့တွေကို ထွက်ခွာစေတာဟာ ဘယ်လိုမှ လက်ခံနိုင်ဖွယ် မရှိဘူးလို့ ဆိုပါတယ်။

မိမိတို့ PLA အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့ချင်း ဆွေးနွေးညှိနှိုင်းဖို့သာ လိုလားပြီး မိမိတို့ဘက်မှ ဘယ်တော့အခါမှ ကျည်စဖောက်မှာ မဟုတ်ကြောင်း အသိပေး ထုတ်ပြန်ခဲ့ပါတယ်။

ဇွန်လ ၂၁ ရက်နေ့ကလည်း တောင်သာမြို့နယ်အတွင်းရှိ PLA အထိုင်စခန်းကို NUG လက်အောက်ရှိ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့မှ အင်အား ၅၀၀ ခန့်ဖြင့် ဝိုင်းဝန်းပိတ်ဆို့တာ၊ ထောက်ပို့ရဲဘော် (၂) ဦးကို ဖမ်းဆီးဖို့ ကြိုးပမ်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၂ ရက်မှာတော့ မြင်းခြံခရိုင်ကွပ်ကဲရေး တာဝန်ခံမှ PLA တပ်ဖွဲ့ထံ ဖမ်းဆီးထားတဲ့ ရန်သူ့သတင်းပေး (ဒလန်) တွေ အားလုံးကို သိမ်းဆည်းထားတဲ့ ပစ္စည်းတွေနဲ့အတူ လွှဲပြောင်းပေးဖို့၊ မြင်းခြံခရိုင်အတွင်းမှ PLA တပ်တွေအားလုံး ထွက်ခွာပေးရမယ်လို့ ပေးပို့လာကြောင်း ဆိုပါတယ်။

တောင်သာမြို့နယ်ရှိ PLA တပ်ဖွဲ့အနေနဲ့ ဖမ်းဆီးထားတဲ့ ဒလန်တွေကို လွှဲပြောင်းခဲ့သည်မှာ ၂ ကြိမ်ရှိပြီဖြစ်ကြောင်း၊ နောက်ထပ် ရန်သူ့သတင်းပေး (ဒလန်) တွေ လွှဲပြောင်းပေးမယ့်အချိန်မှာ မိမိတို့ထံ PDF မှ ခြိမ်းခြောက်ပြောဆိုတာနဲ့ တပ်အင်အားသုံး ဖိအားပေးတဲ့ အခြေအနေတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအခြေအနေကြောင့် ရန်သူ့သတင်းပေး (ဒလန်) တွေကို လွှဲပြောင်းဖို့ ကြန့်ကြာနေတာလို့ ဆိုပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တပ်မတော်ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်ခဲ့သလို လက်ရှိမှာလည်း စစ်တပ် နဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။

related posts

Leave a Comment