ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား မနေ့က ဇွန်လ ၁၅ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲ၀န်းကျင်ကနေ ည ၇ နာရီခန့်အထိ ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာဘက်မှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
SSPP တပ်စခန်းကို TNLA တပ်ဖွဲ့မှ စစ်ကြောင်း ၃ ခုနဲ့ ဝင်ရောက်လာခဲ့ပြီး တိုက်ပွဲဖြစ်ပွားကာ TNLA ဘက်မှ ၃ ဦးကျဆုံးတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာ အရှေ့တောင်ဘက်မှရှိတဲ့ SSPP တပ်စခန်းကို TNLA က ရွှေ့ခိုင်းတာဖြစ်ပြီး ရွှေ့မပြောင်းပေးတာကြောင့် TNLA က အင်အား ၈၀ ၀န်းကျင်နဲ့ ထိုးစစ်ဆင်ရာကနေ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ TNLA နဲ့ SSPP တပ်ဖွဲ့ဟာ မဟာမိတ်တွေဖြစ်သော်လည်း မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသလို နယ်မြေအငြင်းပွားမှုတွေလည်း ဖြစ်ပေါ်လျက်ရှိနေပါတယ်။
အလားတူ TNLA နဲ့ ကချင်တပ်ဖွဲ့ (KIA) အကြားမှာလည်းကောင်း၊ KIA နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) အကြားမှာလည်းကောင်း၊ SSPP နဲ့ MNDAA အကြားမှာလည်းကောင်း နယ်မြေအငြင်းပွားမှုတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။