စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ စစ်ရေးတင်းမာမှုတွေ လျှော့ချပေးဖို့ ကတူးလူငယ်များအဖွဲ့ချုပ်က မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။
ကတူးတိုင်းရင်းသားတွေဟာ လူနည်းစုတိုင်းရင်းသားတွေဖြစ်ကြပြီး လူမျိုးပျောက်ကွယ်လာနေတဲ့ အခြေနေကိုပင် မနည်းကျားကန်ထိန်းသိမ်းနေကြရတယ်လို့ ဒီကနေ့ မေလ ၁၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိမှာ ကတူးကျေးရွာတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးရဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် ကတူးတိုင်းရင်းသားတွေ ကိုယ်ထူကိုယ်ထနဲ့ တည်ဆောက်ထားတဲ့ ကျေးရွာခန်းမနဲ့ စာသင်ကျောင်းတွေလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ကတူးလူထုမှာလည်း လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးရဲ့ စစ်ရေးတင်းမာမှုကြားမှာ အခက်အခဲတွေနဲ့ ရှင်သန်ရပ်တည်နေကြရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကတူးလူထုနဲ့ပြည်သူတွေကို ငဲ့ညှာထောက်ထားပေးတဲ့အနေနဲ့ ပြည်သူပိုင် အဆောက်အဦးတွေဖြစ်တဲ့ စာသင်ကျောင်းတွေ၊ ကျေးရွာခန်းမတွေ၊ သာသနိကအဆောက်အဦးတွေ၊ ဘုရားစေတီတွေ၊ ဘုန်းတော်ကြီးကျောင်းတွေကို ဒရုန်းဗုံးချတာ၊ စစ်ရေးပစ်မှတ်ထားဖျက်ဆီးတာ၊ ဝင်ရောက်တပ်စွဲခြင်းမျိုး မပြုလုပ်ကြဘဲ ထိန်းသိမ်းဆောင်ရွက်ပေးကြပါဖို့ ဒေသတွင်းလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို မေတ္တာရပ်ခံတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအနေနဲ့ ပြည်သူလူထုရဲ့ ဒုက္ခကြပ်တည်းမှုတွေကို မျက်မှောက်ရှေ့ရှုငဲ့ညှာ ထောက်ထားပေးခြင်းဖြင့် ဒေသတွင်းတည်ငြိမ်ရေးနဲ့ ဒေသတွင်းတင်းမာမှုတွေ လျှော့ချရေးကို အကောင်ထည်ဖော်ဆောင်ရွက်ပေးကြပါဖို့ ကတူးလူငယ်များအဖွဲ့ချုပ်က အလေးအနက် မေတ္တာရပ်ခံတောင်းဆိုတယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ရှမ်းနီအမျိုးသားများတပ်မတော် (SNA) လှုပ်ရှားနယ်မြေ ဗန်းမောက်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ၎င်းတို့ လက်အောက်ခံပူးပေါင်းတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ရှမ်းနီကျေးရွာတွေဖြစ်တဲ့ ကြောင်လည်၊ ပင်းခါးကျေးရွာတွေ မီးလောက်ပျက်စီးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
ဓါတ်ပုံ – SNA ထိန်းချုပ်နယ်မြေမှာ ကဒူးတိုင်းရင်းသားများရိုးရာပွဲတော် ကျင်းပခဲ့စဉ် (၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂)