စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းနီဒေသ ဟုမ္မလင်းမြို့နယ်နှင့် နာဂဒေသတို့ကို ဆက်သွယ်သွားလာနိုင်မယ့် ချင်းတွင်းမြစ်ကူးတံတား ဆောက်လုပ်မှု ပင်းမာကမ်း နဲ့ ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။
ချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ရှမ်းနီဒေသ ဟုမ္မလင်းမြို့နယ် နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့ – ပန်ဆပ် – ဆွမ္မရာမြို့လမ်းပေါ်မှာ ချင်းတွင်းမြစ်ကို ဖြတ်ပြီး တည်ဆောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ တံတားဟာ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည် ၈၀၁ မီတာ၊ အကျယ် ၉.၄ မီတာ၊ တံတားအခန်းပေါင်း ၁၅ ခန်း၊ ရေလမ်းကင်းလွတ် အမြင့် ၄၀ ပေ (HFL)နဲ့ တည်ဆောက်နေတာလို့ သိရပါတယ်။
ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နယ် နဲ့ လေရှီးမြို့နယ်တို့မှ ဒေသခံပြည်သူတွေဟာ ကူးသန်းသွားလာမှု လွယ်ကူမြန်ဆန်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသရဲ့ ထုတ်ကုန်တွေကို လွယ်ကူစွာသယ်ယူပို့ဆောင်နိုင်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုမယ့် တံတားကြီးတစ်စင်းဖြစ်တဲ့အပြင် လေရှီးမြို့နယ်အစွန်အဖျားရှိ ဆွမ္မရာမြို့နဲ့ ပန်ဆပ်ကျေးရွာ၊ အနီးပတ်ဝန်းကျင် ကျေးရွာတွေမှ ဒေသခံပြည်သူတွေဟာ ဟုမ္မလင်း၊ ခန္တီး နဲ့ မော်လိုက်ခရိုင်တွေကို လွယ်ကူစွာ သွားလာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတွေဟာ နိမ့်ပါးလျက်ရှိနေပြီး မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံး ဒေသတွေထဲက တစ်ခုအပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။


