မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပင်းဘောရဲစခန်းကို ဒီကနေ့ မနက်ပိုင်းက ကချင်လွတ်မြောက်ရေး တပ်မတော် KIA/ PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
KIA/ PDF တို့ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသွားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးကလည်း ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
မနက် ၈ နာရီမှာ ပင်းဘောရဲစခန်းကို KIA/ PDF တို့ရဲ့ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၉ နာရီခွဲမှာတော့ ပစ်ခတ်သံတွေ ရပ်စဲသွားကြောင်း ဆိုပါတယ်။
အဲဒီနောက် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး နဲ့ ရာအိမ်မှူးတစ်ဦးကို KIA/PDF တို့က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မိုးကောင်းဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံတစ်ဦးက “ပင်းဘောရွာ အနောက်ဘက်ကနေ ဝင်လာတာ၊ ရွာအနောက်မှာ ကာကင်းအထိုင်ထားပြီး ရှေ့တပ်စိတ်တစ်စိတ် လွှတ်ပြီး ရဲစခန်းကို လာပစ်တာ၊ ပင်းဘောပြည်သူ့စစ်ခေါင်းဆောင်ရယ်၊ ရပ်ကွက် ရာအိမ်မှူးရယ် ဖမ်းခံရတယ်” လို့ ပြောပါတယ်။
KIA/ PDF တို့ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ မည်သူမည်ဝါဖြစ်ကြောင်း နဲ့ နှစ်ဖက်ပစ်ခတ်မှု အခြေအနေတွေကို အသေးစိတ်ကို မသိရှိရသေးပေ။
မိုးကောင်းမြို့နယ် ပင်းဘောဒေသမှာ ပထမဆုံးအကြိမ် ပစ်ခတ်မှု ဖြစ်ပွားပြီး သေဆုံးမှု ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။