Home နိုင်ငံရေး NCA အရ နှစ်ဦးနှစ်ဖက် ယုံကြည်မှု မတည်ဆောက်နိုင်ခဲ့ဟု RCSS ပြော

NCA အရ နှစ်ဦးနှစ်ဖက် ယုံကြည်မှု မတည်ဆောက်နိုင်ခဲ့ဟု RCSS ပြော

by Homeland Author

တစ်နိုင်ငံလုံးပစ်ခတ်ရပ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အရ နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှု မတည်ဆောက်နိုင်ခဲ့ဘူးလို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ပြောပါတယ်။

NCA လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ ထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်၍ ပြောကြားခြင်းဖြစ်ပြီး နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးထားတဲ့ သဘောတူစာချုပ်အတိုင်း အကောင်အထည် မဖော်နိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရောက်ရှိရေးအတွက် အစိုးရက EAOs တွေကို ဖိအားပေး၍ လုပ်ဆောင်စေကြောင်း၊ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရအနေဖြင့် စိတ်အားထက်သန်မှုနည်းပါးခြင်း၊ စစ်တပ်က တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်တဲ့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရပ်တန့်သွားစေခြင်း စတဲ့ အားနည်းချက် နဲ့ စိန်ခေါ်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

စစ်တပ်အနေဖြင့် EAOs တွေနဲ့ ယုံကြည်မှုတည်ဆောက်ခြင်းကို ပြန်လည်ဖော်ဆောင်ရွက်ခြင်း၊ ဆွေးနွေးပွဲ အဆင့် (၁) မှာ စစ်တပ် နဲ့ EAOs တွေ ဆွေးနွေးပြီး သဘောတူညီချက်တွေ ဦးစွာရယူခြင်း၊ အဆင့် (၂) မှာ နိုင်ငံရေးပါတီတွေက ပါဝင်တက်ရောက်ပြီး သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေ ပြုလုပ်ခြင်း၊ ဆွေးနွေးပွဲသို့ နိုင်ငံတကာကို အသိသက်သေတွေအဖြစ် ပါဝင်တက်ရောက်စေခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲမှာ ဖက်ဒရယ်မူကို အဓိကထားပြီး ဆွေးနွေးခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲမှ ရရှိလာတဲ့ သဘောတူညီချက်တွေကို လွှတ်တော်သို့ တင်သွင်း၍ ဥပဒေအဖြစ် အတည်ပြုပြဌာန်းခြင်းတွေ လုပ်ဆောင်ဖို့ RCSS က အကြုံထားပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း အားနည်းချက်တွေ၊ စိန်ခေါ်မှုတွေ အမျိုးမျိုးရှိခဲ့တာကြောင့် NCA ကို ရည်မှန်းထားတဲ့အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု မရှိခဲ့ခြင်းအပေါ် နှစ်ဦးနှစ်ဖက် သဘောပေါက်လက်ခံပြီး အနာဂတ် NCA အကောင်အထည်ဖော်ခြင်းကို ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ RCSS က ပြောပါတယ်။

NCA ရဲ့ အနှစ်သာရဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဖက်ဖက်မှ ဆွေးနွေးခြင်းနည်းလမ်းအဖြစ် တွေ့ဆုံအကောင်အထည်ဖော်သွားကြဖို့ RCSS က တိုက်တွန်းထားပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်ရပ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

related posts

Leave a Comment