၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက်က ၅၇၄ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ဘက်က သေဆုံးသူ ၅၇၄ ဦး၊ ဒဏ်ရာရရှိသူ ၁၃၀ ဦးရှိခဲ့ပြီး အရာရှိအဆင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူနဲ့ ဖမ်းဆီးခံရသူ စုစုပေါင်း ၁၅ ဦးရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရန်သူ့စခန်းတွေကို ၂၁ ကြိမ် တိုက်ခိုက်ခဲ့ပြီး စခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လကနေ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ ၂ နှစ်ကျော်အတွင်း စစ်တပ်ဘက်က သေဆုံးသူ ၂၀,၃၈၃ ဦး၊ ဒဏ်ရာရရှိသူ ၉,၇၉၂ ဦးနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ၃,၈၇၄ ဦးရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီထိခိုက်ဆုံးရှုံးမှုတွေထဲမှာ အများစုဟာ ပြည်သူ့စစ်မှုထမ်း (ပစ) တွေဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အလားတူ မြန်မာစစ်တပ်ကနေ ထွက်ပြေးလာသူ ၂၀,၀၀၀ ခန့်ရှိခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၅၃၆ ဦးရှိတယ်လို့ NUG က ဆိုပါတယ်။
တစ်ဖက်မှာလည်း မြန်မာစစ်တပ်ထံ အလင်းဝင်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက အဖွဲ့ဝင် ၁၉၅ ဦးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ နိုဝင်ဘာ ၁၈ ရက်က ကြိုဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း အလင်းဝင်ပွဲအခမ်းအနား ကျင်းပခဲ့တာ ၅၈ ကြိမ်ရှိပြီဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက အလင်းဝင်လာသူ စုစုပေါင်း ၃,၂၉၅ ဦးရှိပြီဖြစ်တယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။