အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့ (ဝီရဌာနေ) ကို စစ်တပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ AA က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၀ ရက်နဲ့ ၂၂ ရက်တို့မှာ ပေါက်တောမြို့နယ်အတွင်းရှိ သဝင်ချောင်း၊ ဓားကိုင်နဲ့ နန်းတက်ကျွန်းကျေးရွာတွေကို လေကြောင်းကနေ တစ်ရွာပြီးတစ်ရွာ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၂ ရက် မနက် ၈ နာရီဝန်းကျင်မှာ ပေါက်တောမြို့နယ်၊ နန်းတက်ကျွန်းကျေးရွာကို ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၅ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၁၀ နှစ်အောက် ကလေးငယ် ၄ ဦးအပါအဝင် စုစုပေါင်း ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၃ လုံးလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက် ည ၁၂ နာရီမှာလည်း ပေါက်တောမြို့နယ်၊ သဝင်ချောင်းနဲ့ ဓားကိုင်ကျေးရွာတွေကို ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် သဝင်ချောင်းကျေးရွာမှ ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၁၅ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှာ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတစ်ဝိုက်ရှိ ကျေးရွာတွေကို ဂျက်တိုက်လေယာဉ် ၅ စီးနဲ့ Y-12 လေယာဉ်တစ်စီးတို့ အသုံးပြုပြီး မနက် ၁၀ နာရီကျော်ကနေ ၁၁ နာရီကျော်အထိ တစ်နာရီနီးပါးကြာ ဗုံးအလုံးရေ ၃၀ ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် တောင်ယာလုပ်ကိုင်နေတဲ့ ဒေသခံတွေရဲ့ တောင်ယာတဲအချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ ခုအနက် ကျောက်တော်၊ ဂွ၊ တောင်ကုတ်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ဘူးသီးတောင်၊ မင်းပြား၊ မောင်တော၊ မြေပုံ၊ မြောက်ဦး၊ ရမ်းဗြဲ၊ ရသေ့တောင်၊ သံတွဲနဲ့ အမ်းမြို့နယ်တို့ကို AA က တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာလည်း စစ်တွေ၊ ကျောက်ဖြူနဲ့ ပေါက်တောမြို့နယ် ငပြီကျွန်းတို့မှာ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။