စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ တအာင်းတပ် (TNLA) ၁ နှစ်ကျော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို သိမ်းပိုက်ပြီးနောက် သီပေါမြို့အပါအဝင် TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ကျောက်မဲမြို့ကို သိမ်းပိုက်နိုင်ပြီးနောက် သီပေါမြို့ကိုလည်း စစ်တပ်ဟာ ခက်ခက်ခဲခဲနဲ့ တိုက်ယူစရာမလိုဘဲ သိမ်းပိုက်ရနိုင်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
လက်ရှိ TNLA ရဲ့ စစ်ရေးအနေအထားအရ TNLA ဟာ စစ်သားစုဆောင်းရာမှာ ပလောင်လူမျိုးတစ်မျိုးတည်းသာ စုဆောင်းတဲ့အတွက် တပ်သားအရေအတွက်ဟာ နည်းပါးလာနေတာ၊ စစ်သားတွေဟာ တိုက်ပွဲကြာလာတာနဲ့အမျှ စစ်ပမ်းလာကြတာကြောင့် ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးလို ပြင်းပြင်းထန်ထန် ခုခံနိုင်တော့မှာ မဟုတ်ဘူးလို့ သျှမ်းမြောက်မှ နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။
“အနေအထားကတော့ ကျနော်တို့ စစ်ရေးသဘောအရ သုံးသပ်ရင်ပေါ့နော်။ စစ်တပ်ကလည်း စစ်ပမ်းနေတာကြာပြီ။ အာဏာသိမ်းကတည်းက စစ်သားတွေ မနားရဘူး ။နောက် စစ်တပ်ဘက်က ကြည့်မယ်ဆိုရင်လည်း ဆုံးရှုံးမှုတွေ ထိခိုက်မှုတွေ ဒါတွေရှိတယ်။ အဲဒီလိုပါပဲ ကျနော်တို့ပလောင်ကျတော့လည်း စစ်ပမ်းနေပြီပေါ့။ ကျနော်တို့ ပလောင်လူမျိုးတွေကျတော့ ဘာဖြစ်လဲဆိုတော့ လူဦးရေက နည်းတာပေါ့။ ရှမ်းထက်စာလို့ရှိရင်။ သူက ပလောင်တိုင်းရင်းသားကိုပဲ စစ်မှုထမ်းခေါ်တဲ့အခါကျတော့ သူတို့မှာ လူဦးရေ တအားနည်းတဲ့အတွက် တော်တော်များများ ထိခိုက်ဆုံးရှုံးပြီးတော့မှ အင်အားလျော့လာတာပေါ့။ အဲဒီအနေအထားတွေနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် တိုက်မယ်ဆိုရင် ပလောင်တွေလည်း ပြင်းပြင်းထန်ထန် ၁၀၂၇ ကနဦးအစလို ပြင်းပြင်းထန်ထန် ခုခံနိုင်ပါ့မလားဆိုတဲ့အနေအထားလည်း စဥ်းစားတယ်ပေါ့နော်” လို့ ပြောပါတယ်။
အဲဒါအပြင် TNLA မှာ ကျည်ဆန်ထုတ်လုပ်တဲ့ စက်ရုံမရှိတဲ့အတွက် ကျည်ကို အကန့်အသတ်နဲ့ပဲ အသုံးပြုနေရတာဖြစ်တာကြောင့် စစ််တပ်က ခက်ခက်ခဲခဲ တိုက်ယူရမှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။
“သူတို့မှာ ကျည်ဆန်ထုတ်တဲ့ စက်ရုံတွေမှ မရှိတာ သေနတ်တစ်လက်ဆိုတာက မပျက်မချင်းကတော့ ပစ်ထုတ်လို့ရနေတာပေါ့ဗျာ ကျည်တွေကြည့်တဲ့အခါမှာ လက်နက်ငယ်ကျည် လက်နက်ကြီးကျည်ဆိုတာ ရှိတယ်လေ အဲဒါတွေက သူတို့စက်ရုံမှ မရှိတာ အဲဒီလိုအားနည်းချက်တွေကြောင့်လည်းပဲ စစ်ကလည်း ပမ်းနေပြီ စစ်ကလည်း ကြာနေပြီ စစ်တိုက်ရတာ သိပ်ပြီးတော့ သူတို့ ကြံ့ကြံ့ခံပြီးတော့ ခံနိုင်တဲ့အနေအထား အားလျော့သွားတာပေါ့ဗျာ အဲဒီလိုအနေအထားမျိုးတွေလည်း ရှိပါတယ်။ အဲဒါတွေကြောင့် အားလုံးကိုတွက်ကြည့်ရင် သိပ်ပြီးတော့ ခက်ခက်ခဲခဲ ဖြစ်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။
သီပေါမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်တပ်ဟာ သီပေါမြို့ နားခဲကျေးရွာအထိ ရောက်ရှိလာပြီး TNLA ထိန်းချုပ်ဒေသ အများအပြားကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေပြီး ၂ ပတ်အတွင်း သေဆုံးသူ ၃၀ ကျော်ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက “အဲဒါကတော့ အလွယ်တကူ ရမှာချည်းပဲ။ TNLA က သူက မြို့နယ် ၂ မြို့နယ်မှာ လူဦးရေက ဘယ်လောက်ရှိလို့လဲ အလွန်ဆုံးရှိ ၁ သိန်းပေါ့ အဲဒီတော့ ရန်ကုန်က မြို့နယ်ကြီး တစ်ခုစာလောက်တောင် မရှိဘူး အဲဒီတော့ ရေရှည်စစ်ပွဲတွေ ဘယ်လိုလုပ် တိုက်နိုင်မလဲ သူတို့ခေါင်းဆောင်တွေက အရူးထနေကြတာ မှားနေတာ အခုတော့ အကြီးအကျယ် ဒုက္ခရောက်နေကြပြီလေ” လို့ ပြောပါတယ်။
စစ်ရေးအရ တရုတ်ရဲ့ ဖိအားက TNLA အပေါ်တောက်လျှောက်ရှိနေပြီး တိုက်ပွဲဖော်ဆောင်ဖို့အတွက်ကိုပါ ဖိအားရှိနေတယ်လို့ နိုင်ငံရေး သုံးသပ်သတွေက ဆိုပါတယ်။
အဲဒါအပြင် စစ်မှုထမ်းဥပဒေနဲ့အတူ အင်အားပြန်လည်စုဆောင်းလာနိုင်တဲ့ စစ်တပ်က သာလွန်လူအင်အားအပြင် နည်းပညာဖြည့်တင်းမှုတွေနဲ့ ဒရုန်းအသုံးပြုမှုတွေ၊ လေယာဥ်နဲ့ အလွန်အကျွံ ဗုံးကြဲချမှုတွေကို TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လက်ရှိ အောက်တိုဘာလအတွင်းမှာ ပိုပြီး လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုအရ စစ်တပ်နဲ့ TNLA တို့ တွေ့ဆုံခဲ့ကြပေမယ့် TNLA ဟာ ကျောက်မဲနဲ့ သီပေါကို ပြန်လည်အပ်နှံမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး စစ်တပ်က TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်အားလုံးကို ရမှာသာ အဆင်ပြေမှာဖြစ်တာကြောင့် နှစ်ဖက်ညှိနှိုင်းမှု မအောင်မြင်ခဲ့ပါဘူး။
ဒါကြောင့် စစ်တပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းကနေ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လာနေတာ ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။