ဒေသခံပြည်သူများသည် ဆင်းရဲမွဲတေမှုနဲ့ အခြားရွေးချယ်စရာ နည်းလမ်းမရှိမှုတို့ကြောင့် ဘိန်းစိုက်ပျိုးခြင်းနဲ့ အခြားသော တရားမဝင် လုပ်ငန်းတွေထဲသို့ တွန်းပို့ခံရကြောင်းကို နားလည်ထားကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ပြောပါတယ်။
ဒါကြောင့် တောင်သူတွေ နဲ့ သားကောင်ဖြစ်ရသူတွေကို ရာဇဝတ်ကောင်တွေအဖြစ် သတ်မှတ်မှာမဟုတ်ကြောင်း မိမိတို့၏ ပေါ်လစီက ပြဋ္ဌာန်းထားတယ်လို့ ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့
ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။
အဲဒီလို ဆောင်ရွက်မယ့်အစား၊ မိမိတို့ရဲ့ လက်ရှိ ဒေသန္တရအုပ်ချုပ်ရေးယန္တရားတွေမှဆင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေဖို့ ဒေသခံပြည်သူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs)၊ နိုင်ငံတကာ မိတ်ဖက်တွေ နဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံ၍ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းတွေမှတစ်ဆင့် မိမိတို့ဟာ အစားထိုးသီးနှံတွေနဲ့ ပိုမိုကျယ်ပြန့်သော အစားထိုးဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို ထိရောက်စွာ ပံ့ပိုးပေးနိုင်မှာဖြစ်ပြီး၊ တရားဝင် စီးပွားရေးလုပ်ငန်းတွေကို ရေရှည် အစားထိုးနိုင်ဖို့ အခြေခံခြေလှမ်းတွေအဖြစ် တရားဝင်ကုန်စည်တွေအတွက် ဈေးကွက်ရရှိရေးနဲ့ ဓလေ့ထုံးတမ်းစဉ်လာ မြေယာပိုင်ဆိုင်ခွင့်တို့ကို ကာကွယ်ပေးနိုင်မယ်လို့ RCSS က ပြောပါတယ်။

အဲဒီ ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်တဲ့ ချဉ်းကပ်မှုနည်းလမ်းကို ဖြည့်စွက်ဖို့အတွက် RCSS ဟာ ထိခိုက်မှုလျှော့ချရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှတစ်ဆင့် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးနဲ့ လူမှုရေးဆိုးကျိုးတွေကို ဖြေရှင်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ (EAOs)၊ ဒေသတွင်း ကျန်းမာရေးကွန်ရက်တွေ၊ နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ (INGOs) တို့နဲ့ ပူးပေါင်းညှိနှိုင်းခြင်းအားဖြင့် ထိခိုက်လွယ်တဲ့ လူအုပ်စုတွေအတွက် ဆန္ဒအလျောက် ကုသမှုခံယူခြင်း၊ ပညာပေးခြင်းနဲ့ လူမှုစီးပွားရေး အထောက်အပံ့တွေ ရရှိစေမယ်လို့ မိမိတို့ RCSS က ယုံကြည်တယ်လို့ ဆိုပါတယ်။
မိမိတို့ RCSS ဟာ မူးယစ်ဆေးဝါးသုံးစွဲမှုကို ဒေသခံပြည်သူတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ ညီညွတ်သော တုံ့ပြန်မှု၊ လိုအပ်တဲ့ ပြည်သူ့ကျန်းမာရေး ရှုထောင့်တစ်ခုမှ ရှုမြင်သုံးသပ်တယ်လို့ ဆိုပါတယ်။

တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှုတို့ကို တင်းကြပ်စွာ တားမြစ်ထားနေစဉ် မိမိတို့ဟာ ပြင်းထန်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေထက် ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းတွေကို ပိုမိုဦးစားပေးတယ်လို့ ပြောပါတယ်။
ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းကို နောက်ဆုံးနည်းလမ်းအနေဖြင့်သာ အသုံးပြုပြီး၊ ဒေသခံလူထုရဲ့ ယုံကြည်မှုနဲ့ လူမှုရေး သဟဇာတဖြစ်မှုကို မြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အားလုံးပါဝင်နိုင်တဲ့ နေရာတစ်ခုကို ဖန်တီးပေးတယ်လို့ ဆိုပါတယ်။
အဆိုပါ ပူးပေါင်းဆောင်ရွက်တဲ့ ချဉ်းကပ်မှုနည်းလမ်းဟာ တရားမဝင်ကွန်ရက်တွေမှာ ပါဝင်နေသူတွေကို ရေရှည် တည်တံ့ပြီး တရားဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေထဲသို့ ဘေးကင်းလုံခြုံစွာ ကူးပြောင်းနိုင်ဖို့ အားပေး ကူညီတယ်လို့ ဆိုပါတယ်။
ညီညွတ်တဲ့ လုပ်ဆောင်မှုတွေမှတစ်ဆင့်၊ သျှမ်းပြည်၊ သျှမ်းပြည်သူတွေ နဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကို မူးယစ်ဆေးဝါးရဲ့ ဆိုးရွားလှတဲ့ သက်ရောက်မှုတွေမှ ကင်းဝေးစေဖို့ နဲ့ ဘေးကင်း လုံခြုံမှုရှိစေဖို့ မိမိတို့ RCSS က အာမခံနိုင်ပါတယ်လို့ ဆိုပါတယ်။
