Home » ရွှေ ၁၆ ပိဿာကျော်နဲ့ အခြားပြစ်မှုကြောင့် မန်း-PDF ရဲဘော်နှစ်ဦးကို အရေးယူထားဟု NUG ပြော

ရွှေ ၁၆ ပိဿာကျော်နဲ့ အခြားပြစ်မှုကြောင့် မန်း-PDF ရဲဘော်နှစ်ဦးကို အရေးယူထားဟု NUG ပြော

by Homeland Author

ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) မှ ရဲဘော်မုန်တိုင်း နဲ့ ရဲဘော်နိုင်ကြီးတို့ဟာ ရွှေ ၁၆ ပိဿာကျော် ထုတ်ယူမှု နဲ့ အခြားသော ပြစ်မှုတွေကြောင့် ဖမ်းဆီးအရေးယူထားတယ်လို့ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာန (MOD )က ဒီနေ့ ဇွန် ၁၃ ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

မန္တလေး-PDF မှ ရဲဘော်မုန်တိုင်းက စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံ တာဝန်ဖြင့် စစ်ဦးစီးအဖွဲ့ရဲ့ အကြီးအကဲအဖြစ်လည်းကောင်း၊ ရဲဘော်နိုင်ကြီးဟာ စစ်ဦးစီးအဖွဲ့ဝင် စစ်ထောက်တာဝန်ခံအဖြစ်လည်းကောင်း စတင်စုဖွဲ့တဲ့အချိန်မှစ၍ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေး-PDF ရဲ့ တင်ပြချက်တွေအရ ရဲဘော်မုန်တိုင်းဟာ တပ်ဖွဲ့အတွင်းရှိ ကာမပိုင် အမျိုးသမီးတဦးနဲ့ လူမှုရေးဖောက်ပြန်မှု ကျူးလွန်ခဲ့ကြောင်း ၂၀၂၄ ခုနှစ်အတွင်း သိရှိပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ရဲဘော်မုန်တိုင်းရဲ့ ဦးဆောင်မှုကို အယုံအကြည်ကင်းမဲ့လာကြခြင်းနဲ့အတူ တပ်တွင်းစည်းလုံးမှုပျက်ပြားလာခြင်းကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ မန္တလေး-PDF ရဲ့ ဦးဆောင်မှုနဲ့ တပ်ဖွဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲခဲ့ရပြီး ရဲဘော်မုန်တိုင်းကိုလည်း အပြစ်ပေး အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော်မုန်တိုင်း အနေဖြင့် မဟာမိတ်နယ်မြေတခုမှာ အချုပ်အပြစ်ဒဏ်ကို ကျခံနေရချိန် ပြစ်ဒဏ်ကို အပြည့်အဝ မခံယူဘဲ ပုံစံအမျိုးမျိုးဖြင့် ရှောင်လွှဲခဲ့ပြီး စစ်ဆင်ရေးမှတပါး ကျန်လုပ်ငန်းဆောင်တာတွေမှ အနားပေးထားခြင်းကို လိုက်နာခြင်းမရှိဘဲ သက်ဆိုင်ရာ ဦးစီးကဏ္ဍအလိုက် တာဝန်ခွဲဝေလုပ်ဆောင်နေတဲ့ တပ်ဖွဲ့ရဲ့ အုပ်ချုပ်ကွပ်ကဲမှု ယန္တရားတွေကို ဝင်ရောက်စွက်ဖက်တာတွေကြောင့် ပြဿနာတွေ ဆက်တိုက်ပေါ်ပေါက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရဲဘော်မုန်တိုင်းဟာ ပြစ်ဒဏ်ကျခံနေရတဲ့ ကာလအတွင်းတွင် ဘဏ္ဍာရှာဖွေရေးဌာနကြီးရဲ့ ဌာနကြီးမှူး ရဲဘော်နိုင်ကြီးကို တရားမဝင်ဆက်သွယ်စေခိုင်း၍ တပ်ဖွဲ့ပိုင် ရွှေ ၁၆ ပိဿာကျော်ကို တရားမဝင်ထုတ်ယူမှု စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

ရွှေ ၁၆ ပိဿာကျော်ကို တရားမဝင်ထုတ်ယူမှု၊ စစ်ဆင်ရေးအရေးကြီးနေတဲ့ ကာလအတွင်းမှာ ဖွဲ့စည်းပုံအသစ်အရ တပ်ဖွဲ့ဦးဆောင်သူ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ရဲ့ လမ်းညွှန်ကြီးကြပ်မှုကို မနာခံခြင်း၊ ချမှတ်ထားတဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို မလိုက်နာခြင်း၊ အဆင့်ဆင့်ကွပ်ကဲမှုယန္တရားကို ပုံပျက်အားနည်းစေတဲ့ အပြုအမှုတွေနဲ့ တပ်ဖွဲ့တွင်း စည်းလုံးညီညွတ်မှုကို ထိခိုက်စေမယ့် လုပ်ဆောင်ချက်တွေ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မန္တလေး – PDF မှ ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ကို စစ်ဘက် ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ နဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

related posts

Leave a Comment