မိုးကောင်းမြို့နယ်ရှိ ကျေးရွာတွေမှာ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်နေမှုအပေါ် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ဆက်ကြေးပေးဆောင်ဖို့ မေလ ၁ ရက်နေ့ ရက်စွဲနဲ့ စာပို့အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ နေအိမ်ဆောက်လုပ်နေတာတွေကို KIA အုပ်ချုပ်ရေးရုံးထံ လာရောက်ဖို့ နဲ့ ဆင့်ခေါ်စာရရှိပြီး လာရောက်တွေ့ဆုံခြင်း မရှိရင် ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။
အဲဒီအကြောင်းကြားဆင့်ခေါ်စာ နဲ့ ပတ်သက်ပြီး ပြဿနာတစုံတရာ ပေါ်ပေါက်လာပါက လူကြီးမင်းရဲ့ တာဝန်သာဖြစ်တယ်လို့ ပေးပို့တဲ့စာမှာ ထည့်သွင်းခြိမ်းခြောက်ထားပါတယ်။
ဒေသခံတစ်ဦး “ သူတို့က ကျနော်တို့ ဒီဖက်မှာ အိမ်ဆောက်ပြီဆိုရင် စာပို့ပြီးတော့ ဆက်ကြေးကောက်တာ၊ အိမ်တစ်အိမ်ဆောက်တာနဲ့ အဲလိုပဲ ဆက်ကြေးကောက်တာ” လို့ ပြောပါတယ်။
နေအိမ်ဆောက်လုပ်ခြင်း လုပ်ငန်းတွေသာမက ဆန်စက်လုပ်ငန်း၊ ဆီစက်လုပ်ငန်းတွေအပြင် ဆိုင်ခန်းလုပ်ငန်းတွေလည်း KIA ထံ ဆက်ကြေးပေးဆောင်ကြရတယ်လို့ ဆိုပါတယ်။
အလားတူ ပမ္မတီး ရပ်ကွက်မှာလည်း အဆောက်အဦး တည်ဆောက်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး KIA ထံ လာရောက်တွေ့ဆုံဖို့ ဒေသခံပြည်သူတွေကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၇ ရက်စွဲနဲ့ ဆင့်ခေါ်စာပို့ထားတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “သူတို့က (KIA) ရွာထဲမှာ ဘယ်သူက ဘာလုပ်ငန်းတွေ လုပ်နေတယ်၊ ဆိုင်ခန်းတွေ ဖွင့်နေသလားဆိုတာ သူတို့ လူလွတ်ပြီး လိုက်ကြည့်နေတာ အမြဲတမ်းပဲ စောင့်ကြည့်နေတာ” လို့ ပြောပါတယ်။
မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီးဒေသအပါအဝင် ၎င်းတို့ လှုပ်ရှားရာ ဒေသအသီးသီးမှာ လုပ်ငန်းရှင်တွေကို KIA က ဆက်ကြေး နဲ့ ထောက်ပံ့ကြေးဟုဆိုကာ နှစ်စဉ်မတရားကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။