ဟုမ္မလင်းမြို့တစ်ဖက်ကမ်း ကက်သာစံပြကျေးရွာရဲ့ မနက်ခင်းဈေးမှာ ဇူလိုင် ၆ ရက်နေ့က လုပ်ငန်းရှင် ဦးမျိုးနိုင် ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့တွေက ဈေးအတွင်း ငါးရောင်းချနေသူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဦးမျိုးနိုင်ဆိုသူဟာ ဟုမ္မလင်းမြို့နယ်ရှိ နမ့်ကပေါအင်းနဲ့ သဝန်အင်းတို့မှာ ဒေသခံတောင်သူတွေနဲ့ ရေလုပ်သားတွေရဲ့ လူမှုစီးပွားဘဝကို ထိခိုက်စေတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကက်သာဒေသခံတစ်ဦးက “အင်းလေလံရရှိသူတွေက လက်နက်တွေ ကိုင်ဆောင်ပြီးတော့ ဟုမ္မလင်းမြို့တစ်ဖက်ကမ်းမှာရှိတဲ့ ကက်သာရွာရဲ့ မနက်ဈေးထဲကို ငါးဘယ်ကဝယ်တာလဲ၊ ဘယ်မှာဖမ်းတာလဲဆိုပြီး မနက်ဈေးမှာ လိုက်လံစစ်ဆေးတာမျိုးတွေကတော့ အတော်ကို လွန်တယ်။ ဦးမျိုးနိုင်နဲ့ ပြည်သူစစ်မဟုတ်၊ စာရင်းမပေါက်တဲ့ လက်နက်ကိုင်တွေနဲ့ အဲဒီလိုဆောင်ရွက်တာတော့ အတော်ကို လွန်လွန်းပါတယ်” လို့ ပြောပါတယ်။