Home » မြန်မာမှာ ပထမဆုံး AI စနစ်သုံး ဆေးတက္ကသိုလ် ဖွင့်မယ်လို့ MNDAA ပြော

မြန်မာမှာ ပထမဆုံး AI စနစ်သုံး ဆေးတက္ကသိုလ် ဖွင့်မယ်လို့ MNDAA ပြော

by Homeland Author

ကိုးကန့်တပ်ဖွဲ့ (MNDAA) က အထူးဒေသ(၁)မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး AI စနစ်သုံး ဆေးတက္ကသိုလ် ဖွင့်လှစ်သွားမယ်လို့ ဇွန်လ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လောက်ကိုင်မှာ Laukkai University of Medicine, Nursing and Health Sciences (LUMNHS) ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး School of Medicine, School of Nursing နဲ့ School of Health Sciences ဆိုပြီး ကျောင်း (၃) ကျောင်း ပါဝင်မယ်လို့ ဆိုပါတယ်။

တက္ကသိုလ်ရဲ့ President အဖြစ် နိုင်ငံတကာ အတွေ့အကြုံရှိ ကမ္ဘာ့အဆင့် ပါမောက္ခတစ်ဦးက တာဝန်ယူမည်ဖြစ်ပြီး သင်ရိုးညွှန်းတမ်းများကိုလည်း နိုင်ငံတကာဆေးကျောင်းတွေအတွက် သင်ရိုးရေးဆွဲပေးနေတဲ့ ပါမောက္ခတစ်ဦးမှ မြန်မာနိုင်ငံရဲ့ လက်တွေ့လိုအပ်ချက်တွေနဲ့ပါ ကိုက်ညီအောင် ဦးဆောင်ရေးဆွဲမယ်လို့ ဆိုပါတယ်။

သင်ကြားရေးအပိုင်းကို အထူးဒေသ(၁) အတွင်းရှိ အထူးကုဆရာဝန် ၃၀ ကျော်မှ ဦးဆောင်သွားမှာဖြစ်ပြီး ၂၀၂၇ ခုနှစ် နှစ်ဦးပိုင်းမှာ ကျောင်းသား ၅၀ ခန့်ဖြင့် စတင်ဖွင့်လှစ်မယ်လို့ ပြောပါတယ်။

ပထမအသုတ်ကို အရင်သင်ရိုးဟောင်းဖြင့် သင်ကြားမှာဖြစ်သော်လည်း ဒုတိယအသုတ်မှစတင်ကာ AI Integrated Curriculum ဖြင့် ပြောင်းလဲသင်ကြားမှာဖြစ်ပြီး ဒေသတွင်းဝန်ထမ်းတွေအတွက် B.NSc (Bridging) Program ကိုလည်း ၂၀၂၇ ခုနှစ်မှာ စတင်မယ်လို့ ပြောပါတယ်။

အလားတူ ကွတ်ခိုင်မှာလည်း နည်းပညာအထက်တန်းကျောင်း ကို၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှ, ဖွင့်လှစ်မှာဖြစ်ပြီး ဆောက်လုပ်ရေးနည်းပညာ၊ လျှပ်စစ်နည်းပညာ၊ စက်မှုနဲ့ မော်တော်ယာဉ်နည်းပညာ၊ အီလက်ထရောနစ်နဲ့ သတင်းအချက်အလက်နည်းပညာတွေ အပါအဝင် အထွေထွေဘာသာရပ်တွေကို သင်ကြားသွားမယ်လို့ ဆိုပါတယ်။

သိန္နီမှာတော့ အရည်အသွေးမြင့် ပညာသင်ကြားရေး ဝန်ထမ်းတွေ နဲ့ အနာဂတ်ပညာရေးခေါင်းဆောင်တွေ မွေးထုတ်ဖို့ ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ် နှောင်းပိုင်းမှာ ပညာရေးကောလိပ်ကို ဖွင့်လှစ်သွားမှာဖြစ်ပြီး PhD နဲ့ MSc ဘွဲ့ရ ဆရာ၊ ဆရာမကြီးတွေမှ ဦးဆောင်သင်ကြားမှာဖြစ်ကာ ဒေသတွင်းရှိ ဆရာ၊ ဆရာမတွေကို ဦးစွာ လေ့ကျင့်သင်ကြားသွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတကာအဆင့်မီ ကွန်ပျူတာပညာရှင်တွေ မွေးထုတ်ပေးနိုင်ဖို့အတွက် ကွန်ပျူတာတက္ကသိုလ်ကို ၂၀၂၇ ခုနှစ် နှောင်းပိုင်းမှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး လက်ရှိမှာ မြေနေရာရွေးချယ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ တက္ကသိုလ်တွေရဲ့ ဖွဲ့စည်းပုံတွေ ရေးဆွဲတာ၊ သင်ရိုးညွှန်းတမ်းတွေ ပြင်ဆင်တာ နဲ့ ကျောင်းပရဝုဏ် တည်ဆောက်တာတွေအတွက် ပြည်တွင်းမှ ဘာသာရပ်ဆိုင်ရာ ပညာရှင်တွေ၊ ပါမောက္ခတွေ နဲ့ နိုင်ငံတကာ အတွေ့အကြုံရှိ ပညာရှင်တွေ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

related posts

Leave a Comment