ကရင်လူမျိုးတွေဟာ မဟာလူမျိုးကြီးဝါဒရဲ့ ဖိနှိပ်မှု နဲ့ အနိုင်ကျင့်မှုတွေကြောင့် တနေရာမှ တနေရာသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြရပြီး နိုင်ငံပျောက်ဆုံးခဲ့ရတဲ့ လူမျိုးတစ်မျိုးဖြစ်ခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
ဇွန်လ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ (၇၇) နှစ်မြောက် ကရင်အမျိုးသားတို့ရဲ့ ကော်သူးလေနေ့ သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။
“ကော်သူးလေ” ဟူသည့်စကားလုံးမှာ ယနေ့မှပေါ်ပေါက်လာခဲ့ခြင်းမဟုတ်ကြောင်း “ကော်သူးလေ” ဟူသည့် စကားလုံးမှာ ကရင်လူမျိုးတွေနဲ့အတူ ရှင်သန်နေခဲ့တာကို ကရင့်သမိုင်းထဲမှာ ဖော်ပြထားရှိခဲ့တယ်လို့ ဆိုပါတယ်။
ကရင်လူမျိုးတို့ဟာ အမျိုးသားလက္ခဏာ၊ နယ်မြေ နဲ့ အုပ်ချုပ်ရေး စတဲ့ လက္ခဏာတွေနဲ့ ပြည့်စုံတဲ့ လူမျိုးတစ်မျိုးဖြစ်ပြီး မြန်မာပြည်သို့ ပထမဦးဆုံး ဝင်ရောက်နေထိုင်ခဲ့တဲ့ လူမျိုးတစ်မျိုးဖြစ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
ကရင်လူမျိုးတွေဟာ သမိုင်းကြောင်းအရ အခြားလူမျိုးတွေနဲ့ အတူတကွ နေထိုင်ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံအပေါ် မိမိ “ကိုယ်ပိုင်နိုင်ငံ နဲ့ အုပ်ချုပ်ရေး” ရှိရမည်ဟု သိမြင်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း ကရင်လူမျိုးတွေဟာ မဟာ လူမျိုးကြီးဝါဒ၏ ဖိနှိပ်မှု နဲ့ အနိုင်ကျင့်မှုတွေကြောင့် တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့နေထိုင် ခဲ့ကြရပြီး နိုင်ငံပျောက်ဆုံးခဲ့ရတဲ့ လူမျိုးတစ်မျိုးဖြစ်ခဲ့တဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ် ခွင့် ရရှိရေးအတွက် လက်နက်ကိုင်တော်လှန်တိုက်ပွဲ၀င်နေကြရတယ်လို့ ဆိုပါတယ်။