Home စစ်ရေး ဗန်းမောက်အနီးရှိ စခန်းကုန်းတွေကို SNA သိမ်းပိုက်

ဗန်းမောက်အနီးရှိ စခန်းကုန်းတွေကို SNA သိမ်းပိုက်

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့အနီးရှိ စစ်ရေးအရ အရေးပါတဲ့ စခန်းကုန်းတွေကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နဲ့ တပ်က ဆက်လက်သိမ်းပိုက်နေတယ်လို့ သိရပါတယ်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ PDF နဲ့ ကတူးအာမီတို့ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့အနီးရှိ ကျုံးတောင် သို့မဟုတ် ကျွန်းတောင်စခန်းကုန်း နဲ့ မြစ်သေးချင်းဖက်က စခန်းကုန်းတွေကို မနေ့က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ SNA ပူးပေါင်းတပ်တွေက သိမ်းပိုက်သွားတယ်လို့ သိရပါတယ်။

“မနေ့က နေ့လည် ၁ နာရီလောက်မှာ ကျုံးတောင်စခန်းကုန်းကို SNA က သိမ်းလိုက်တယ်၊ အဲဒီစခန်းကုန်းက စစ်ရေးအရ အရေးပါတယ်။ အဲဒီကုန်းက ဗန်းမောက်မြို့ တမြို့လုံးကို အပေါ်စီးကနေ မြင်နေရတယ်။ ဗန်းမောက်မြို့ကို သိမ်းပြီးတာနဲ့ အဲဒီစခန်းကုန်း မသိမ်းနိုင်ရင် မြို့က လုံခြုံမှုရှိတယ်လို့ ပြောလို့ မရဘူး၊ အဲဒီကုန်း သိမ်းပြီးနောက် မြစ်သေးချင်းဖက်က ဘုန်းကြီးကျောင်းကိုလည်း ဆက်သိမ်းတယ်” လို့ SNA တပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အဆိုပါ ကျုံးတောင် သို့မဟုတ် ကျွန်းတောင်စခန်းကုန်းတိုက်ပွဲအတွင်း ရန်သူအလောင်း နဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ SNA ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မြို့ကို သိမ်းပိုက်လိုက်ပါတယ်။

အဲဒီနောက် SNA ဖက်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဗန်းမောက်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း ဗန်းမောက်မြို့အနီးဝန်းကျင်နေရာအချို့မှာ SNA ပူးပေါင်းတပ်ဖွဲ့တွေ နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

KIA၊ PDF နဲ့ ကတူးအာမီတို့ ဗန်းမောက်မြို့သိမ်းတိုက်ပွဲကြောင့် မြို့ခံပြည်သူလူထု နဲ့ ကျေးရွာအများအပြားရှိ ဒေသခံတွေဟာ ဘေးကင်းရာ တိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။

related posts

Leave a Comment