ရှမ်းပြည် အရှေ့မြောက်ဒေသ၊ ဟိုပန်မြို့မှာ လူသတ်မှု ကျူးလွန်တဲ့ အမျိုးသားတစ်ဦးကို “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က ဒီနေ့ မနက် ၉ နာရီဝန်းကျင်မှာ သေဒဏ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
သေဒဏ် ချမှတ်ခံရတဲ့ အမျိုးသားဟာ မိုင်းရယ် ဇာတိဖြစ်ပြီး တရုတ်အမျိုးသမီး တစ်ဦးကို လူသတ်မှု ကျူးလွန်ခဲ့သူ ဖြစ်တယ်လို့ Wa News Land က ဖော်ပြပါတယ်။
အလားတူ နမ့်တစ်မှာ ရွှေဆိုင်ဖောက်ထွင်းခိုးယူခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဒီနေ့ မနက်မှာပဲ ထောင်ဒဏ် (၁၅) နှစ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တရားစီရင်ရေး အခမ်းအနားကို ဟိုပန်မြို့ ယဥ်ကျေးမှုကွင်းမှာ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်း နဲ့ ပညာရေးဝန်ထမ်းတွေအပြင် ဟိုပန်မြို့တွင်းနေထိုင်ကြတဲ့ လူထုတွေ လာရောက်ကြည့်ရှု့ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ အတွင်းကလည်း UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်း (ပန်ခမ်း) မြို့မှာ လက်နက်ခဲယမ်းတွေ ခိုးယူပြီး ရောင်းချခဲ့တဲ့ UWSA ထောက်ပို့တပ်သားတစ်ဦးကို သေဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
“ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ဟာ ၎င်းတို့ ထိန်းချုပ်နယ်မြေမှာ မုဒိန်းမှု၊ ခိုးမှု၊ ဓားပြမှု နဲ့ လူသတ်မှုတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်လေ့ရှိတယ်လို့ သိရပါတယ်။