ချင်းပြည်ကောင်စီ အနေနဲ့ ချင်းလူမျိုးအချင်းချင်း တိုက်ခိုက်သတ်ဖြတ်မှုတွေကို လက်မခံတဲ့ အပြင် စစ်ရေးဖော်ဆောင်မှုတွေ တိုက်ခိုက်မှုတွေမှာလည်း ပူးပေါင်း ပါဝင်တာ မရှိဘူးလို့ မနေ့က ဖေဖော်ဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ချင်းပြည်ကောင်စီဟာ ချင်းပြည်တည်ဆောက်ရေး၊ ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ချင်းပြည်အတွင်း စစ်အာဏာရှင်မှန်သမျှ အမြစ်ဖြတ်ချေမှုန်းရေး၊ ချင်းပြည်အတွင်း စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ MDF နဲ့ CDF-Lautu ကြား ပစ်ခတ်တိုက်ခိုက်မှုဟာ နှစ်ဖက်အဖွဲ့အစည်းကြား ဖြစ်ပွားတဲ့ ပြဿနာသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ချင်းပြည်နယ်မှာ လတ်တလော ကြုံတွေ့နေရတဲ့ ချင်းလူမျိုးတွေအကြား သဘောထား ကွဲလွဲမှု အဆုံးသတ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကို အလေးထားဆောင်ရွက်နေတဲ့ ကာလဖြစ်ပြီး တော်လှန်ရေးကာလအတွင်း မြို့နယ်နဲ့ ဒေသအကြား၊ ချင်းမျိုးနွယ်စုအချင်းချင်းအကြား အင်အားနဲ့ နိုင်ထက်ပြုခြင်း၊ နယ်မြေချဲ့ထွင်ခြင်းတွေကို မပြုလုပ်သင့်ဘူးလို့ ဆိုပါတယ်။
ချင်းလူမျိုးအချင်းချင်း ဖြစ်ပွားနေတဲ့ ပြဿနာတွေကို စစ်ရေးတိုက်ခိုက်မှု၊ အချင်းချင်း သွေးထွက်သံယိုမှုနဲ့ ဖြေရှင်းခြင်းမှ ရပ်တန့်ရှောင်ရှားပြီး ငြိမ်းချမ်းရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ချင်းပြည်ကောင်စီက တိုက်တွန်းထားပါတယ်။
မရာချင်းလူမျိုးစုလက်နက်ကိုင် MDF တပ်ဖွဲ့နဲ့ လောက်တူချင်းလူမျိုးစုလက်နက်ကိုင် CDF – Lautu တပ်ဖွဲ့အကြား ဇန်နဝါရီလအတွင်း မတူပီမြို့နယ်မှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။