ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲဘော်အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အဓမ္မရယူဖို့ ကြိုးစားသူ နှစ်ဦးအား အဖွဲ့ချုပ်မှ တရားဝင် ထုတ်ပယ်ကြောင်း ဒီကနေ့ ဇူလိုင် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ကိုမျိုးမောင်မောင် နဲ့ ကိုမျိုးညီညီတို့ နှစ်ဦးဟာ ၂၀၂၅ ခုနှစ် ဇွန်လ ညတညမှာ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် အမျိုးသမီးတစ်ဦးထံမှ လိင်ပိုင်းဆိုင်ရာ ရယူဖို့ အတင်းအဓမ္မကြိုးစားခဲ့ကြောင်း ဇူလိုင် ၄ ရက်နေ့က ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းရာမှာ ပထမဦးစွာ ကျူးလွန်သူနှစ်ဦးအနေဖြင့် အမျိုးသမီးရဲဘော်တစ်ဦးတည်း နေထိုင်ရာနေရာသို့ ညဉ်နက်ချိန်မှာ ရောက်လာခဲ့ပြီး အမျိုးသမီးရဲဘော်မှ ငြင်းဆိုခဲ့သည့်ကြားမှ ကျူးလွန်သူနှစ်ဦးဟာ လိင်မှုကိစ္စရယူဖို့ အနုနည်းဖြင့်သော်လည်းကောင်း၊ အကြမ်းနည်းဖြင့်သော်လည်းကောင်း အကြိမ်ကြိမ် တောင်းဆို ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
ကျူးလွန်သူနှစ်ဦးအနေနဲ့ လိင်မှုကိစ္စရယူဖို့ ရည်ရွယ်ချက်နဲ့ အမျိုးသမီးရဲဘော်နေရာသို့ ရောက်ရှိခဲ့ကြောင်း ဝန်ခံထားသော်လည်း ပြစ်မှုတစ်စုံလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းအချို့ကိုဖြစ်စေ အကြိမ်ကြိမ် ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသမီးရဲဘော်အနေဖြင့် အဆင်မပြေ၊ လက်မခံတဲ့ကြားက လိင်ပိုင်းဆိုင်ရာ အဓမ္မရယူဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့ ကျူးလွန်မှုမှာ မှန်ကန်ကြောင်း ထင်ရှားတယ်လို့ ဆိုပါတယ်။
ဗကသအဖွဲ့ချုပ်ဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု မှန်သမျှကို အပြင်းအထန် ရှုတ်ချပြီး အမျိုးသမီးရဲဘော်များအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံတဲ့ တော်လှန်ရေးရပ်ဝန်းတစ်ခု တည်ဆောက်နိုင်မှသာ အမျိုးသမီးထု လွတ်မြောက်ရေးကို အောင်မြင်စွာ ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ကိုမျိုးမောင်မောင် နဲ့ ကိုမျိုးညီညီတို့ နှစ်ဦးကို ဗကသများအဖွဲ့ချုပ်မှ ပေးအပ်ထားတဲ့ တာဝန်အရပ်ရပ်ကို ခြွင်းချက်မရှိ ပြန်လည်ရုပ်သိမ်းလိုက်ပြီး အဖွဲ့ဝင်အဖြစ်မှ တရားဝင်ထုတ်ပယ်လိုက်တယ်လို့ ဖော်ပြထားပါတယ်။


