Home သတင်းတု/သတင်းမှား အမျိုးသားတဦးကို ပြည်သူ့စစ်အဖွဲ့ အဓမ္မပြုကျင့်နေတဲ့ခြင်းကို SNA က ပြုလုပ်သယောင် သတင်းမှားဖြန့်

အမျိုးသားတဦးကို ပြည်သူ့စစ်အဖွဲ့ အဓမ္မပြုကျင့်နေတဲ့ခြင်းကို SNA က ပြုလုပ်သယောင် သတင်းမှားဖြန့်

by Homeland Author

စစ်ယူနီဖောင်းဝတ် လက်နက်ကိုင်တွေက အရပ်ဝတ် အမျိုးသားနှစ်ဦးကို မြေပေါ် မှောက်လှဲခိုင်းပြီး တဦးကို အဓမ္မပြုကျင့်နေတဲ့ ရုပ်သံဗီဒီယိုဖိုင်တခု Facebook လူမှုကွန်ယက်ပေါ်မှာ စက်တင်ဘာ ၃ ရက်နေ့က ကချင်အကောင့် တစ်ခုလို့ ယူဆရတဲ့ Royal Kachin က ဖြန့်ဝေခဲ့ပါတယ်။

အဆိုပါ ရုပ်သံဗီဒီယိုဖိုင်နဲ့အတူ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့က ကျူးလွန်တယ်လို့ ရေးသားထားပါတယ်။ အဆိုပါ ကျူးလွန်သူတွေဟာ SNA တပ်ဖွဲ့တွေ မဟုတ်ကြောင်း ပြန်လည်ချေပ သူ အများအပြား ၎င်းဗီဒီယိုဖိုင်အောက် ကွန်မန့်တွေမှာ ရေးသားကြတာကိုလည်း တွေ့ရပါတယ်။
ဒီဗီဒီယိုထဲမှာ စိစစ်ကြည့်ရာ ယူနီဖောင်းဝတ်ဆင်တဲ့သူတဦးရဲ့ လက်မောင်းတံဆိပ်က အစိမ်း၊ အနီ၊ အဝါ သုံးရောင်ကို နောက်ခံအဖြစ် အသုံးပြုထားပြီး အလယ်မှာ နေဝန်းတံဆိပ် ကို တွေ့ရတာပါ။

စစ်ယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦးရဲ့ လက်မောင်းတံဆိပ်အရ သျှမ်းပြည်မြောက်ပိုင်း အခြေစိုက်တဲ့ မုံးပေါ်ပြည်သူ့စစ်အဖွဲ့ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

အဆိုပါ ဗီဒီယိုဖိုင်ကိုပဲ ကိုးကားပြီး Chindwin News Agency က SNA တပ်ဖွဲ့ဝင်တွေ ကျူးလွန်တာဖြစ်တယ်လို့ စက်တင်ဘာ ၄ ရက်နေ့မှာ သတင်းမှား ထပ်မံဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

Chindwin News Agency က တင်ထားတဲ့ သတင်းအောက် ကွန်မန့်တွေမှာတော့ “သတင်းဌာနတစ်ခုပြီး အခုလို သတင်းမှားတွေကို တင်ဆက်နေတာဟာ သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီကျူးလွန်မှုဟာ SNA တပ်ဖွဲ့နဲ့ ဘာမှ မသက်ဆိုင်ဘူး။ အခုလို ရေးသားမှုက လူမျိုးရေး ပဋိပက္ခကို ဦးတည်စေတယ်” ဆိုပြီး မှတ်ချက်ရေးသားကြတာလည်း တွေ့ရပါတယ်။

အဆိုပါ မုံးပေါ်ပြည်သူ့စစ်ဟာ ကိုးကန့်တပ် MNDAA ကနေ ခွဲထွက်ထားခဲ့တဲ့အဖွဲ့ဖြစ်ပြီး စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

၎င်း အရပ်ဝတ်အမျိုးသားတွေကို ပြည်သူ့စစ်အဖွဲ့ အဓမ္မပြုကျင့်နေတဲ့ခြင်း ဖြစ်စဉ်အကြောင်းအရင်းကို အတည်မပြုနိုင်ပေမယ့် ကျူးလွန်သူတွေဟာ မုံးပေါ်ပြည်သူ့စစ်ဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ကျူးလွန်သူတွေ ဝတ်ဆင်ထားတဲ့ ယူနီဖောင်းဟာလည်း ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ရဲ့ စစ်ယူနီဖောင်း၊ လက်မောင်းတံဆိပ်တွေနဲ့ များစွာကွဲပြားနေတာကို တွေ့ရှိရပါတယ်။

ရှမ်းနီလူငယ်တစ်ဦးက “အခုလို ကျူးလွန်မှုဟာ ဘက်တံဆိပ်၊ ယူနီဖောင်းတွေ ရုပ်သံဖိုင်မှာပါတဲ့ စကားပြောသံတွေအရ SNA တပ်ဖွဲ့က မဟုတ်မှန်း အသိသာကြီးဗျ၊ ဒါကို သတင်းဌာနကပါ SNA က ကျူးလွန်နေတယ်ဆိုပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်တာက ကောင်းတဲ့ အရာတော့ မဟုတ်ဘူး။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ လူမျိုးတစ်ခုနဲ့ တစ်ခု အမုန်းတရားကို ပိုကြီးစေတယ်၊ ပဋိပက္ခကို ပိုဦးတည်စေတယ်” လို့ မှတ်ချက်ပြု ပြောကြားပါတယ်။

ဒါကြောင့် စစ်ယူနီဖောင်းဝတ်လက်နက်ကိုင်တွေက အရပ်ဝတ် အမျိုးသားနှစ်ဦးအနက် တဦးကို အဓမ္မပြုကျင့်နေတဲ့ ရုပ်သံဗီဒီယိုဖိုင်ဟာ SNA က ကျူးလွန်ခြင်းမဟုတ်ဘဲ မုံးပေါ်ပြည်သူ့စစ်အဖွဲ့ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

အဆိုပါ ရုပ်သံဖိုင်ကို ရေးသားဖြန့်ဝေခဲ့တဲ့ Royal Kachin အကောင့်ပိုင်ရှင်ဟာ စက်တင်ဘာ ၄ ရက်နေ့မှာတော့ ၎င်းဗီဒီယိုဖိုင်ကို ပြန်လည်ဖြုတ်ချသွားတာကိုလည်း တွေ့ရှိရပါတယ်။

related posts

Leave a Comment