တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း မော်လူးမြို့ကို စစ်တပ်က ဒီနေ့ မေလ ၅ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်လိုက်တယ်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ပုံနဲ့တကွ ရေးသားဖော်ပြကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့မှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်လိုက်ပြီးနောက် မော်လူးမြို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။
မော်လူးမြို့ကို ပြန်လည်သိမ်းပိုက်ချိန် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံအဖွဲ့တို့ တရားမဝင်လုပ်ကိုင်နေတဲ့ ဆီခြံတွေမှ သံဆီပေပါခွံတွေ၊ ဆီလှောင်ကန်တွေ နဲ့မော်တော်ယာဉ်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားဖော်ပြကြပါတယ်။
စစ်တပ်ဟာ အင်းတော်မြို့ကို ပြန်လည်သိမ်းပိုက်ပြီး ရက်ပိုင်းအကြာ အနီးရှိ မော်လူးမြို့ကိုလည်း တော်လှန်ရေးအင်အားစုထံက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း နဲ့ ကချင်ပြည်နယ်အစပ်မှာရှိတဲ့ မော်လူးမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


