ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် စန်ဆိုင်းမြို့နယ်မှာ ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရှမ်းလူငယ်တဦး သေဆုံးသွားတာကြောင့် သေဆုံးသူရဲ့ မိသားစုဝင်တွေကို အမြန်ဆုံး ဆက်သွယ်ပေးဖို့ ကယ်ဆယ်ရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
မနေ့က ဇွန်လ ၂ ရက်နေ့ ည ၁၀ နာရီကျော်ခန့်က ချင်းမိုင် – ဖရောင်လမ်း အမှတ် (၁၀၀၁) လမ်းမကြီးပေါ် မဲဖက်ကျေးရွာအုပ်စု စန်ဆိုင်းမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ကနဦးစစ်ဆေးချက်တွေအရ Honda Wave အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီးဟာ လမ်းဘေးရှိ ဓာတ်တိုင်ကို အရှိန်ပြင်းစွာ ဝင်တိုက်မိခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ် အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် နောက်ဆုံးမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ သေဆုံးသူမှာ မြန်မာနိုင်ငံသား ရှမ်းတိုင်းရင်းသား Sai Aung Pa ဖြစ်ပြီး အသက် ၃၂ နှစ်ခန့်ရှိကြောင်း နိုင်ငံကူးလက်မှတ်မှတစ်ဆင့် အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို ချင်းမိုင်မြို့ရှိ ဆေးရုံမှာ ထားရှိပြီး ဆွေမျိုးသားချင်းများကို ရှာဖွေနေကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။
သေဆုံးသူကို သိရှိသူတွေ သို့မဟုတ် မိသားစုဝင်တွေအနေဖြင့် Chiang Mai Ruamjai Disaster Relief Association ဖုန်း 087-844-3008၊ 085-529-4944 သို့မဟုတ် Mae Faek Police Station ဖုန်း 053-106-886 သို့ ဆက်သွယ်နိုင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့က အသိပေးထားပါတယ်။





