သျှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်ရှိ သီပေါတံတား ဖြတ်သန်းခွင့်ကို ကုန်စည်စီးဆင်းမှု ကန့်သတ်တဲ့အကြောင်းပြချက်နဲ့ မြန်မာစစ်တပ်ဘက်က ပိတ်ထားတာဆိုရင် ၇ လကျော်လာပြီ ဖြစ်ပါတယ်။
သျှမ်းပြည်မြောက်ပိုင်း နဲ့ မန္တလေးမြို့တို့ကို ဆက်သွယ်ထားတဲ့ သီပေါတံတားကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ ကိုးကန့်တပ် (MNDAA) နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားချိန်မှာ နှစ်ဖက်တပ်တွေက ဖြတ်သန်းခွင့်ကို ပိတ်ထားခဲ့တာဖြစ်ပြီး MNDAA ဘက်က ပြန်ဖွင့်ပေးခဲ့ပေမယ့်လည်း မြန်မာစစ်တပ်ဘက်က လက်ရှိအချိန်ထိ ပိတ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။
သီပေါတံတားကို ပိတ်ထားတာကြောင့် သျှမ်းမြောက်ဒေသခံတွေဟာ သီပေါတံတားဘေးနားမှာရှိတဲ့ နမ္မတူမြစ်ကူးတို့ဆိပ်ကနေ စက်လှေ နဲ့ သွားလာနေကြရပြီး အချိန်ကြန့်ကြာကာ ကျန်းမာရေးနဲ့ ခရီးသွားလာရေးတွေမှာ အခက်အခဲဖြစ်နေကြတယ်လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။
“သီပေါတံတား ပိတ်တဲ့ကိစ္စကတော့ ကျနော်တော့ နိုင်ငံရေးတော့ နားမလည်ဘူး။ ဒါပေမယ့် သီပေါတံတား ပိတ်လိုက်တဲ့အတွက် ကျနော်တို့ သွားရလာရတာ တော်တော်လေးကို အခက်အခဲဖြစ်တယ်။ သီပေါတံတား ပိတ်လိုက်တဲ့အတွက် ဘေးကနေ စက်လှေတွေနဲ့ သွားရတယ်ပေါ့နော်။ သွားရတဲ့အခါမှာ ခရီးသည်တွေလည်း သွားရတာ ပင်ပန်းတယ်။ ကျနော်တို့ ကျန်းမာရေးအရ သွားရလာရတာလည်း တော်တော်လေးကို ခက်ခက်ခဲခဲ သွားရလာရတာ ဖြစ်တယ်ပေါ့နော်။ အခုလောလောဆယ် ရှမ်းမြောက်ပြည်သူတွေရဲ့ လိုအပ်ချက်ကတော့ သီပေါတံတားလေး ဖွင့်စေချင်တယ်ပေါ့” လို့ ပြောပါတယ်။
သီပေါတံတားကို မြန်မာစစ်တပ်ဘက်က ကုန်စည်စီးဆင်းမှုကို အကြောင်းပြပြီး ဖြတ်သန်းခွင့်ကို ပိတ်ထားတာ ဖြစ်တဲ့အတွက် ကုန်စည်မပါတဲ့ကားတွေ၊ ကျန်းမာရေးအရ သွားလာတဲ့ကားတွေ၊ ခရီးသွားကားတွေကို ခွင့်ပြုပေးမယ်ဆိုရင် ဒေသခံပြည်သူတွေအတွက် အချိန်ကုန်သက်သာပြီး ငွေကုန်ကျလည်း သက်သာမှာ ဖြစ်တယ်လို့ သီပေါဒေသခံတစ်ဦးက ပြောပါတယ်။
“အဓိကတော့ ကြားတာတော့ ကုန်စည်ကူးသန်းမှုကို ပိတ်တယ်လို့ ကြားပါတယ်။ ဒါပေမယ့် ကျနော်တို့ ဖြစ်စေချင်တာကတော့ ကုန်စည်ကူးသန်းမှုကို ပိတ်တာတော့ နိုင်ငံရေးအရ ပိတ်တာလား ဘာကြောင့်ပိတ်တာလဲဆိုတာတော့ ကျနော်တို့ လက်လှမ်းမမှီဘူးပေါ့နော်။ ဒါပေမယ့် ကုန်စည်ကူးသန်းမှုကို ပိတ်တယ်ဆိုရင် ကုန်စည်မပါတဲ့ ခရီးသွားတွေကိုတော့ ကျနော်တို့ ဖွင့်စေချင်တာပေါ့။ ဥပမာ ကျနော်တို့ ကျန်းမာရေး သွားတဲ့ကိစ္စမျိုးတွေ ဒါက ကုန်စည်ကူးသန်းမှုနဲ့ မဆိုင်ဘူး။ မိသားစုကိစ္စပေါ့ ကျနော်တို့ မိသားစုကားတွေ သွားတယ် ဘာကုန်စည်မှမပါဘူးဆိုတဲ့ကားမျိုးတွေကျတော့ ကျနော်ထင်တယ်လေ သီပေါတံတားကို ဖွင့်ပေးစေချင်တယ်ပေါ့နော်။ ကုန်စည်ပါရင်တော့ တားလိုက် ကုန်စည်ကို ပိတ်တယ်ဆိုတော့ ကုန်စည်နဲ့ ပတ်သက်တာတွေကို တားလိုက်ပေါ့နော် အဲဒီလိုမျိုးလေးပေါ့နော်။ အဲဒီလိုလေး ဖြေလျှော့ပေးစေချင်တာပေါ့။ ဘာမှမပါတဲ့ မိသားစုကိစ္စတွေ၊ ကျန်းမာရေးကိစ္စတို့ ဘာတို့ လောလောဆယ် မိသားစု သွားတယ်လာတဲ့ကိစ္စတွေမှာ ဘာကုန်မှလည်း မပါဘဲနဲ့ ဒီလို ခရီးသွားပြည်သူတွေရဲ့ ကားတွေကို ဖွင့်ပေးစေချင်တာပေါ့။ အဓိကတော့ သီပေါတံတားကို တပ်မတော်ဘက်က ပိတ်ထားတယ်လို့ ကျနော်တို့ ကြားပါတယ်ဗျ” လို့ ပြောပါတယ်။
လက်ရှိမှာလည်း သျှမ်းမြောက်မှာ မြန်မာစစ်တပ် နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA တို့နဲ့ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့အတွက် သီပေါတံတားကို ပြန်လည်ဖြတ်သန်းသွားလာခွင့် ပြုဖို့ကို ဒေသခံတွေက လိုလားနေကြတာ ဖြစ်ပါတယ်။