Home » ထိုင်း-မြန်မာနယ်စပ်မှာ ယာဘဆေးပြား ၅ သန်းနီးပါး UWSA ဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ်မှာ ယာဘဆေးပြား ၅ သန်းနီးပါး UWSA ဖမ်းဆီး

by Homeland Author

သျှမ်းပြည်အရှေ့ပိုင်း၊ ထိုင်း – မြန်မာနယ်စပ်တစ်လျှောက်ရှိ ပုံပါကျင်မြို့နယ်ခွဲအနီးမှာ မူးယစ်ဆေးဝါး ဆေးပြားသန်းချီသယ်ဆောင်လာတဲ့ မော်တော်ယာဉ်တစ်စီးကို “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မော်တော်ယာဉ်ပေါ်မှာ ယာဘစိတ်ကြွဆေးပြား (WY) အလုံးရေ ၄.၇ သန်းကျော်သယ်ဆောင်လာတဲ့ မူးယစ်ကုန်ကူးသူတစ်ဦးကို ဒဏ်ရာတွေနဲ့ ဖမ်းမိခဲ့ကြောင်း UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

စက်တင်ဘာလ ၂၀ ရက်၊ ညနေ ၆ နာရီခွဲအချိန်မှာ UWSA တပ်မဟာ ၇၇၅ ထံသို့ ပုံပါကျင်မြို့နယ်ခွဲ၊ ဒါကွမ်းကျေးရွာမှာ မသင်္ကာဖွယ်လူတွေ တင်ဆောင်လာတဲ့ TIGER ယာဉ်တစ်စီး ဖြတ်သန်းသွားကြောင်း သတင်းပေးပို့ချက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် UWSA တပ်ဖွဲ့ဝင်တွေက အဆိုပါ ယာဉ်ကို လိုက်လံရှာဖွေခဲ့သော်လည်း နန်ဖိုင်ကျေးရွာအနီးမှာ မျက်ခြေပြတ် ပျောက်ဆုံးသွားခဲ့ကြောင်း၊ သတင်းပေးပို့ထားတဲ့ ယာဉ်လိုင်စင်နံပါတ် (1L-1678) ကို အခြေခံ၍ သံသယရှိသည့် လမ်းကြောင်းတွေကို ပိတ်ဆို့စစ်ဆေးဖို့ လုံခြုံရေးတပ်ဖွဲ့တွေ ဖြန့်ကြက်ခဲ့တယ်လို့ ဆိုပါတယ်။

ည ၈ နာရီခွဲအချိန်တွင် ဘန်ကဲ နဲ့ လွယ်ရှီးထန်ကြားရှိ နယ်စပ်လမ်းကြောင်းပေါ်မှာ အဆိုပါ ယာဉ်ကို UWSA တပ်ဖွဲ့ဝင်တွေက ပြန်လည်တွေ့ရှိပြီး ရပ်တန့်စစ်ဆေးဖို့ အချက်ပြခဲ့သော်လည်း ယာဉ်ပေါ်ပါသူတွေက အချက်ပြမှုကို လစ်လျူရှုကာ နယ်စပ်ဘက်သို့ ဆက်လက်မောင်းနှင် ထွက်ပြေးခဲ့တာကြောင့် လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ ရေးသားထားပါတယ်။

လိုက်လံဖမ်းဆီးမှုအတွင်း မူးယစ်ကုန်ကူးသူတစ်ဦးဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် လီဆူအမျိုးသားတစ်ဦးကို ဒဏ်ရာတွေနဲ့ ဖမ်းဆီးရမိခဲ့ပြီး သူဟာ မြန်မာအစိုးရထိန်းချုပ်နယ်မြေဖြစ်တဲ့ နားကောင်းမှူးဒေသမှာ နေထိုင်သူဖြစ်ကြောင်း UWSA ရဲ့ စစ်ဆေးချက်အရ သိရပါတယ်။

ယာဉ်ပေါ်မှာ စိတ်ကြွဆေးပြားတွေပါတဲ့ အိတ်ပေါင်း ၂၃ အိတ်၊ စုစုပေါင်း ဆေးပြားအရေအတွက် ၄,၇၉၀,၀၀၀ (လေးသန်းခုနစ်သိန်းကိုးသောင်း) ပြား နဲ့ TIGER မော်တော်ယာဉ်တစ်စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ထွက်ပြေးလွတ်မြောက်သွားတဲ့ ကျန်မူးယစ်ကုန်ကူးသူတွေကို UWSA က ဆက်လက်ရှာဖွေလျက်ရှိတယ်လို့ ဆိုပါတယ်။

related posts

Leave a Comment