Home » တိုက်ပွဲအတွင်း အသက်ပေးဆပ်ခဲ့တဲ့ ရဲဘော်တွေဟာ သူရဲကောင်းတွေလို့ TNLA စစ်ဦးစီးချုပ်ပြော

တိုက်ပွဲအတွင်း အသက်ပေးဆပ်ခဲ့တဲ့ ရဲဘော်တွေဟာ သူရဲကောင်းတွေလို့ TNLA စစ်ဦးစီးချုပ်ပြော

by Homeland Author

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်မှ တော်လှန်ရေးကာလအတွင်း အသက်နဲ့ ကိုယ်လက်အင်္ဂါတွေ ပေးဆပ်ခဲ့တဲ့ အရာရှိ၊ အရာခံနဲ့ ရဲဘော်တွေဟာ တအာင်းသူရဲကောင်းတွေဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် ၎င်းတို့ရဲ့ ပေးဆပ်မှုတွေဟာ တအာင်းလူမျိုးတစ်မျိုးလုံးအတွက် ဖြစ်ကြောင်းနဲ့ ၎င်းတို့ကို ဆက်လက် ကူညီစောင့်ရှောက်ဖို့ တာဝန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒဏ်ရာရရှိသူတွေ နဲ့ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရတဲ့ အရာရှိ၊ အရာခံတွေ နဲ့ ရဲဘော်တွေကို ရည်ရွယ်၍ တွေ့ဆုံဂုဏ်ပြုပွဲတစ်ခုကို မတ်လ ၃၀ ရက်နေ့က သျှမ်းမြောက် မန်တုံမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

တအာင်းပြည်ရရှိရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးတို့အတွက် အနစ်နာခံ ပေးဆပ်ခဲ့တဲ့ အရာရှိ၊ အရာခံနဲ့ ရဲဘော်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြု ဂုဏ်ပြုခြင်းနဲ့ ၎င်းတို့ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း ဖြစ်တယ်လို့ TNLA က ထုတ်ပြန်လာပါတယ်။

TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်မှ တအာင်းပြည်တည်ထောင်ရေးလုပ်ငန်းစဉ်မှာ အခက်အခဲတွေ နဲ့ ကြီးမားတဲ့ အရင်းအနှီးများကို ရင်ဆိုင်ခဲ့ရပြီး တော်လှန်ရေးကာလအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့တဲ့ အရာရှိ၊ အရာခံနဲ့ ရဲဘော်တွေအတွက် တွေ့ဆုံပွဲတွေ စီစဉ်ပေးခဲ့တဲ့ စစ်ဦးစီးဌာနကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူတွေအနေဖြင့် ပညာရေးနဲ့ နည်းပညာပိုင်းတွေမှာ ဆက်လက်သင်ယူ တိုးတက်ဖို့လိုအပ်ကြောင်း၊ ကွန်ပျူတာနဲ့ ရုံးလုပ်ငန်းကျွမ်းကျင်မှုတွေလည်း မဖြစ်မနေလိုအပ်ကြောင်းနဲ့ စိတ်ဓာတ်မကျဘဲ ကြံ့ကြံ့ခိုင်ခိုင်နေထိုင်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့မှ စတင်၍ ညီနောင်မဟာမိတ်များနဲ့အတူ ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေး (Operation) 1027 (1) နဲ့ (2) တိုက်ပွဲတွေအပြင် ခေတ်အဆက်ဆက် တော်လှန်ရေးတိုက်ပွဲကာလတွေမှာ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့တဲ့ အရာရှိ၊ အရာခံနဲ့ ရဲဘော်တွေကို ဂုဏ်ပြုအမှတ်အသားတွေ ပေးအပ်ကာ အသိအမှတ်ပြုခဲ့ကြတာပါ။

အဲဒီလို အသက်၊ သွေး၊ ချွေးနဲ့ ကိုယ်လက်အင်္ဂါတွေအထိ စွန့်လွှတ်အနစ်နာခံခဲ့ကြတဲ့ ခေါင်းဆောင်တွေ၊ အရာရှိ၊ အရာခံတွေ နဲ့ ရဲဘော်တွေရဲ့ ပေးဆပ်မှုတွေကို TNLA အနေဖြင့် မမေ့မလျော့ဘဲ အမြဲတမ်းဂုဏ်ယူလေးစားလျက်ရှိမှာဖြစ်ပြီး၊ ၎င်းတို့ရဲ့ စွန့်လွှတ်အနစ်နာမှုတွေဟာ တအာင်းတစ်မျိုးသားလုံးရဲ့ သမိုင်းမှာ အမြဲတမ်း မှတ်တမ်းတင်ထားမယ်လို့ ဆိုပါတယ်။

တိုက်ပွဲကာလအတွင်း ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့တဲ့ အရာရှိ၊ အရာခံနဲ့ ရဲဘော်တွေ စုစုပေါင်း (၃၄၉) ဦးရှိပြီး အခမ်းအနားအတွင်း TNLA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ဂုဏ်ပြုလက်ဆောင်တွေ ပေးအပ်ခြင်းနဲ့ အားပေးစကားတွေ ပြောကြားခဲ့ပါတယ်။

TNLA ဟာ တအာင်းပြည်ရရှိရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး စတဲ့ ရည်မှန်းချက်တွေကို ဒီနေ့အထိ ဆက်လက်အကောင်အထည်ဖော် လျှောက်လှမ်းလျက်ရှိတယ်လို့ ဆိုပါတယ်။

related posts

Leave a Comment