အမေရိကန်ပြည်ထောင်စု၊ နဗားဒါးပြည်နယ်၊ လက်စ်ဗီးဂတ်စ်မြို့ မြန်မာစံတော်ချိန် ဒီကနေ့ မနက်ပိုင်း UFC 317 မှာ ထိုးသတ်သွားတဲ့ ချင်းလူငယ်ဖိုက်တာ ဂျော့ရှူဝါဗန်ဟာ ဖလိုက်ဝိတ်တန်းက ပြိုင်ဘက် ဖိုက်တာ ဘရန်ဒန် ရိုင်ဗယ်ကို တတိယအချီအထိ ယှဉ်ပြိုင်ပြီး ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရသွားခဲ့ပြီ ဖြစ်ပါတယ်။
ဂျိုရှူဝါဗန်ဟာ မာနယ်ကိတ်ရဲ့နေရာကို Short Notice နဲ့ အစားဝင်ထိုးခဲ့ရပြီး အချိန် ၃ ပတ်သာရရှိခဲ့တာဖြစ်ပါတယ်။ Ranking 1 နေရာက ဘရန်ဒန်ရိုင်ဗယ်ကို အနိုင်ရလိုက်တဲ့အတွက် ဂျိုရှူဝါဗန်ဟာ ချန်ပီယံရွှေခါးပတ် စိန်ခေါ်ပွဲ ထိုးရတော့မှာ ဖြစ်ပါတယ်။
ဗန်ဟာ ဒီပွဲအတွက် အချိန်ကပ်ပြီး အစားထိုး ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး ပြိုင်ဘက်ဟာ သူ့ထက် အတွေ့အကြုံ ပိုများတာကြောင့် ဗန်နိုင်ပါ့မလားဆိုပြီး ပရိသတ်တွေ စိုးရိမ်ခဲ့ကြပါတယ်။
ဒီပွဲမှာတော့ ဗန်ဟာ သူ့ရဲ့ပုံမှန်ကစားပုံအတိုင်း ပြိုင်ဘက်ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ပြီး ထိုးသတ်ပြခဲ့ကာ ပရိတ်သတ်တွေအတွက်လည်း စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။
ဗန်ဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ၅ ပွဲလုံးကို အနိုင်ရရှိထားသူဖြစ်ပြီး UFC မှာ ချန်ပီယံခါးပတ်လုပွဲ ထိုးခွင့်ရခဲ့တဲ့ ပထမဆုံးသော မြန်မာဖိုက်တာဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တာဖြစ်ပါတယ်။