သျှမ်းပြည်မြောက်ပိုင်း လားရိူးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ဝမ်စယ်ကျေးရွာမှာ ရွှေတူးဖော်မှုကို ကန့်ကွက်တဲ့ ဒေသခံပြည်သူတွေကို ကိုးကန့်တပ် (MNDAA) မှ ဖမ်းဆီးနှိပ်စက်နေတယ်လို့ သျှမ်းကျောင်းသားများသမဂ္ဂ (TSU) မှ ဒီနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ MNDAA တပ်ဖွဲ့က ဝမ်စယ်ကျေးရွာက ဒေသခံတွေရဲ့ သဘောတူညီမှုမရှိဘဲ လယ်ယာမြေတွေပေါ်မှာ ရွှေတူးဖို့ တရုတ်လုပ်ငန်းရှင်တွေကို ခေါ်လာတာကြောင့် ဒေသခံတွေက MNDAA တပ်ဖွဲ့ကို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ ဆန္ဒပြသူတွေထဲမှ ရွာသား ၃၆ ဦးကို MNDAA မှ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ရိုက်နှက်စစ် ဆေးကာ ၂၇ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး ၉ ဦးကို ဆက်လက်ဖမ်းဆီထားတာဖြစ်တယ်လို့ သိရပါတယ်။ ၃ ဦးမှာ အသက်အန္ဒရာယ် ရှိနေတယ်လို့ ဆိုပါတယ်။
ဖမ်းဆီခံရသူတွေကို အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့နဲ့ သက်အန္တရာယ်ကို အာမခံပေးဖို့ MNDAA ကို သျှမ်းကျောင်းသားများသမဂ္ဂ (TSU) မှ တောင်းဆိုထားပါတယ်။
MNDAA တပ်ဖွဲ့အနေနဲ့ “စစ်အာဏာရှင်ကိုတော်လှန်တယ်ဆိုပြီး အခုလို စစ်တပ်ရဲ့ အမူအကျင့်တွေအတိုင်း တတွေမသိမ်း လိုက်လုပ်နေတာဟာ မဖြစ်သင့်ကြောင်း နဲ့ ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေတွေကို အဓမ္မသိမ်းယူကာ ရွှေတူးဖို့ လုပ်ခြင်း၊ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးခြင်းကို ပြင်းထန်စွာကန့်ကွက်ပါတယ်” လို့ သျှမ်းကျောင်းသားများသမဂ္ဂမှ ပြောပါတယ်။
MNDAA ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့၊ လူထုကို စစ်တပ်ကနေ အကာကွယ်ပေးဖို့၊ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို ဟန့်တားဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “၁၀၂၇ စစ်ဆင်ရေး”မှာ ပါဝင်ခဲ့ပြီး သျှမ်းပြည်မြောက်ပိုင်းက အချက်အခြာကျတဲ့ မြို့တွေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။