စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာအုပ်စု ရာလားတီး နဲ့ ပါဟုတ်ကြီးကျေးရွာအတွင်း ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ရွှေလုပ်ငန်းရှင်အချို့ ပူးပေါင်းပြီး ရွှေတူးဖော်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
KIA နဲ့ ရွှေလုပ်ငန်းရှင်အချို့ဟာ ကျေးရွာထဲ အဓမ္မတူးဖော်ခြင်းဖြစ်ကြောင်း၊ ကျေးရွာသားတွေအနေနဲ့ လုံးဝလက်မခံပေမယ့် လက်နက်ပြခြိမ်းခြောက်တူးဖော်တာကြောင့် ဘာမှမတတ်နိုင်ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာလမ်းတွေ အိမ်လမ်းတွေ ဖြတ်ပြီး မျောမောင်းနေကြတာ (ရွှေသတ္ထုတူးဖော်ခြင်း)၊ KIA က တော်လှန်ရေးကို အကြောင်းပြပြီး လုပ်စားနေတာ ကြာပြီ။ ရှေ့တန်းက PDF ရဲဘော်တွေက မကြိုက်ကြဘူး။ ဟိုက လက်နက်ကိုင်အဖွဲ့ ဆိုတော့ ကျနော်တို့လည်း ဘာမှ မတတ်နိုင်ဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၁၂ လပိုင်းအတွင်း KIA ဦးဆောင်အဖွဲ့ နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် SNA မှ ပြန်လည်ဆုတ်ခွာခဲ့ရတဲ့ ရွှေတွင်းကျေးရွာအုပ်စု ရွှေတွင်းကျေးရွာ၊ ရွှေပြည်မြင့်ကျေးရွာ၊ လမ်းဆုံမှော်၊ ရာလားတီးကျေးရွာ၊ ပါဟုတ်ကြီးကျေးရွာ၊ တောင်ဦးအုပ်စု ဟော်ဆိုင်ကျေးရွာ၊ တာမယ်ပုတ်ကျေးရွာ၊ ငှက်ပျောတောမှော်၊ သဲပူကော် (ဆိုင်ပူကော်)၊ စုံတွဲမှော်တွေက နေအိမ်အများအပြားကို ၂၀၂၄ ခုနှစ် နဲ့ ၂၀၂၅ ခုနှစ်ကြား KIA က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် အဆိုပါ ရှမ်းနီကျေးရွာတွေမှာ KIA နဲ့ ရွှေလုပ်ငန်းရှင်အချို့တို့ ပူးပေါင်း၍ ရွှေတူးဖော်ဖျက်ဆီးနေပြီး ရာလားတီးကျေးရွာ နဲ့ ပါဟုတ်ကြီးကျေးရွာတွေထဲ ရွှေတူးဖော်တာကြောင့် ဆိုးဆိုးရွားရွား ပျက်စီးနေတယ်လို့ ဆိုပါတယ်။
ရှမ်းနီကျေးရွာတွေကို ရွှေတူးဖော်ဖျက်ဆီးဖို့ အဓိက လုပ်ဆောင်နေသူဟာ KIA တပ်ဖွဲ့မှ မြို့နယ်မှူးအဆင့်ရှိတဲ့ ဆန်အောင် ဖြစ်ပြီး တူးဖော်ဖို့ အိမ်ဝင်းရောင်းဝယ်လုပ်ပေးနေသူ ရွှေလုပ်ငန်းရှင်အချို့မှာ ဦးကျန်ဝင်း – ဒေါ်ဆိုင်းနု၊ ဦးတင်လှိုင် – ဒေါ်ဆောင်းရှင်၊ ဦးမောင်ငယ် – ဒေါ်စိန်အေးတို့ ဖြစ်ကြတယ်လို့ သိရပါတယ်။
ကျေးရွာမှ ထွက်ခွာခြင်းမရှိတဲ့ ဒေသခံတွေကို KIA နဲ့ အဆိုပါ ရွှေလုပ်ငန်းရှင်အချို့ဟာ ငွေအနည်းငယ်သာပေး၍ အဲဒီကျေးရွာတွေကနေ အတင်းအဓမ္မထွက်ခွာခိုင်းတယ်လို့ ဆိုပါတယ်။
ဒေသခံတစ်ဦးက “အဲဒီမှာ တိုက်ပွဲဖြစ်တော့ အခြေအနေအရ ရွာကိုထားပြီး ရွာသူရွာသားတွေ အားလုံးနီးပါး ထွက်ပြေးခဲ့ရတာ အဲဒါကို ရွာထဲမှာ မျောမောင်းလိုက်ကြတာလေ။ အဲဒီရွာတွေက ရှမ်းနီရွာတွေကြီးပဲလေ၊ ကချင်အိမ်တစ်အိမ်မှ မရှိတာ၊ အားကြောင့်လည်း သူတို့က လုပ်တာပေါ့၊ တချို့အိမ်တွေက မထွက်ကြဘူး။ ကိုယ့်အိမ်ကိုယ့်ယာဆိုတော့ ဘယ်ထွက်ချင်မလဲ၊ KIA က ဖိအားပေးတာကို ထွက်ကြရတာပါ့” လို့ ပြောပါတယ်။
ရာလားတီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအပါအဝင် အနီးအနားရှိ နေအိမ်တွေမှာလည်း KIA နဲ့ ရွှေလုပ်ငန်းရှင်အချို့ဟာ ရွှေတူးဖော်နေတယ်လို့ ၎င်း ဒေသခံက ဆက်ပြောပါတယ်။
“လက်ရှိ KIA တာဝန်ခံခေါင်းဆောင်တွေက ကျနော်တို့ရွာ ဘုန်းကြီးကျောင်း တစ်ခြမ်းပါ တူးဖော်နေတာ ပျက်စီးနေပြီ။ ဘယ်သူမှ အကာအကွယ် မပေးနိုင်ကြဘူး။ ငါတို့ရွာတော့ ပျက်စီးကုန်ပြီ” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ ၁၂ ပိုင်း စ၍ ရွှေတွင်းအုပ်စု၊ တောင်ဦးအုပ်စုရှိ ရှမ်းနီကျေးရွာတွေဖြစ်ကြတဲ့ ရာလားတီးကျေးရွာ၊ ပါဟုတ်ကြီးရွာတွေအပြင် အခြားသောကျေးရွာတွေမှ ဒေသခံ ၃၅၀၀ ခန့်ဟာ တုံမတက်ကျေးရွာ၊ နံ့သာကျေးရွာ၊ စေတီဆိပ်ကျေးရွာ၊ နမ့်တောမြို့၊ ဟုမ္မလင်းမြို့တွေကို သွားရောက်စစ်ဘေးရှောင်နေကြသလို မုံရွာ၊ မန္တလေး၊ ရန်ကုန်မြို့တွေအထိ သွားရောက်တိမ်းရှောင်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အဆိုပါ ရှမ်းနီစစ်ဘေးရှောင်တွေအတွက် ဘယ်အဖွဲ့အစည်းကမှ အကူအညီအထောက်အပံ့ လာရောက်ပေးတာမျိုး မရှိဘဲ ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေကြရတယ်လို့လည်း သိရပါတယ်။


