အပိုင်း(၂)
တရုတ်အစိုးရ၏ ဖန်တီးမှုအစသည် ရခိုင်ပြည်နယ်တွင်ဖြစ်ပြီး AAတပ်ဖွဲ့များကို နောက်ကွယ်က ပံ့ပိုးမှု များကို စတင်ပေးခဲ့သည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှိနေသည့် AAတပ်ဖွဲ့များသည် ၂၀၁၈ -၂၀၁၉ကာလ အချိန်တိုအတွင်းမှာပင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လက်နက်နှင့် အင်အားစုဖွဲ့မှု အားကောင်းခဲ့ ပြီး အိန္ဒိယနှင့်သဘောတူညီထားသည့် ကုလားတန်စီမံကိန်းကို နှောင့်နှေးအောင် ပြုလုပ်လာခဲ့သည်။ အတည်ပြု မရသော်လည်း ဖြစ်နိုင်ချေရှိသည့် သတင်းများအရ AAတပ်ဖွဲ့များအတွက် လိုအပ်သည့် လက်နက်ရိက္ခာ အကူ အညီများသည် တရုတ်အစိုးရ၏ စီမံမှုဖြင့် ဘင်္ဂလားဒေ့ရှ့်မှပတ်၍ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဆိုပါသည်။ ဆက်စပ်၍ စဉ်းစားဖွယ်ကောင်းသည်မှာ တရုတ်အစိုးရသည် ထိုအချိန်အတွင်း၌ပင် ရှိတ်ဟာဆီနာဦးဆောင်သော ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် စီးပွားရေးဆိုင်ရာသဘောတူညီမှုများစွာ ဆောင်ရွက်နေပြီး ရန်ကုန်မှ တရုတ်အထည်ချုပ် စက်ရုံကြီးအချို့ပင် ဘင်္ဂလားဒေ့ရှ့်သို့ ပြောင်းရွှေ့ခြင်းများ ဖြစ်ပေါ်ခဲ့သည့်အချက်ဖြစ်သည်။
ထို့နောက် ၂၀၁၉ခုနှစ် သြဂုတ်လ၁၉ရက်တွင် တရုတ်အစိုးရ၏ ချုပ်ထိန်းမှုအောက်တွင်ရှိသည့် တရုတ် မြန်မာနယ်စပ်တွင် လှုပ်ရှားလျက်ရှိသော TNLA, MNDAAတပ်ဖွဲ့များသည် ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်များအထိ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ဤတွင် ဂုတ်တွင်းတံတားကို ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းဖြင့် တရုတ်- မြန်မာကုန်စည် စီးဆင်းမှုလမ်းကြောင်းကို ပြတ် တောက်သွားစေသကဲ့သို့ မြန်မာအစိုးရအတွက် လစဉ်အမေရိကန်ဒေါ်လာ သန်းနှင့်ချီသော ဝင်ငွေရရှိမှုများမှာ လည်း ပြတ်တောက်သွားခဲ့သည်။
ဤကဲ့သို့သော ရုတ်တရက်ပေါ်ပေါက်လာသည့် စစ်ရေးပဋိပက္ခသည် မန္တလေး တွင် American Business Corner-ABCဖွင့်လှစ်ပြီး ၅လအကြာတွင် ဖြစ်ပွားခြင်းဖြစ်ရာ တရုတ်အစိုးရ၏ မြန်မာ နိုင်ငံအတွင်းရှိ စီးပွားရေးစီမံကိန်းများအပေါ် ဆက်လက်ထိန်းချုပ်ဆောင်ရွက်လိုမှုနှင့် ၎င်း၏စီမံကိန်းများအပေါ် အမေရိကန်နှင့် အိန္ဒိယတို့၏ ဝင်ရောက်လာနိုင်မှုကို ပညာသားပါပါ ကိုင်တွယ်ပြခြင်းဟု သုံးသပ်ရပေသည်။
လက်ရှိအာဏာသိမ်းအပြီးကာလတွင်မူ စစ်တပ်နှင့် တရုတ်အစိုးရတို့၏ ဆက်ဆံရေးသည် အထက်ပါ စီးပွားရေးစီမံကိန်းများတွင် အခြေခံလျက်ရှိနေဆဲပင်ဖြစ်သည်။ ထိုစီမံကိန်းနယ်များနှင့်ပတ်သက်၍ အကျိုးစီးပွား အရ ထိန်းချုပ်နယ်မြေများ တိုး၍ရရှိအောင် ဆောင်ရွက်နေကြသူများတွင် KIA, TNLA, MNDA, UWSA, SSPP စသည့် လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်လျက်ရှိပေသည်။ တရုတ်-မြန်မာနယ်စပ်အနီးအထိ တပ်ဖြန့်လာနိုင်ခဲ့သော RCSS/SSAတပ်ဖွဲ့ကိုမူ တရုတ်အစိုးရ၏ နိုင်ငံရေးဆိုင်ရာပေါ်လစီကြောင့် UWSA၏ အနီးကပ်ပံ့ပိုးမှုကို အသုံးပြုစေ ကာ TNLAနှင့် SSPPတို့၏ ပူးတွဲထိုးစစ်ဖြင့် ရှမ်းပြည်မြောက်ပိုင်းမှ တွန်းထုတ်ခဲ့သည်။ ဤသို့ဖြင့် RCSS/SSAတပ်ဖွဲ့ ထိုစီမံကိန်းဆိုင်ရာနယ်မြေများတွင် စတင်ဖြစ်ပွားလာသည့် ပဋိပက္ခစက်ဝန်းအတွင်းမှ စောစီးစွာ ဆုတ်ခွာခဲ့ရပေသည်။
သို့သော် တရုတ်စီမံကိန်းနယ်မြေဆိုင်ရာလမ်းကြောင်းပေါ်တွင် တည်ရှိနေသော ရှမ်းပြည်မြောက်ပိုင်းရှိ နယ်မြေများတွင် KIA, TNLAနှင့် MNDAAစသည့် တပ်ဖွဲ့များ၏ တပ်ချထားမှုများမှာ အစီအစဉ်တကျ ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။ တစ်ဘက်တွင်လည်း စစ်တပ်ကအာဏာသိမ်းပြီးနောက် လူထု၏ ဆန္ဒဖော်ထုတ်ဆန့်ကျင် မှုများကို ပစ်ခတ်နှိမ်နှင်းခြင်း၊ ဖမ်းဆီးထိန်းချုပ်ခြင်းများမှာ ပို၍ဆိုးရွားလာခဲ့ရာ လူငယ်အများစုထွက်ပေါက် သည် လက်နက်စွဲကိုင်တော်လှန်ရေးလမ်းကြောင်း ဖြစ်လာခဲ့သည်။ လူငယ်ပညာတတ်များအပါအဝင် စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်လျက်ရှိကြသော လူတန်းစားအများစု၏ ဆန္ဒမှာ စစ်အာဏာရှင်ပြုတ်ကျရေးသာ ဖြစ်သည်။
သို့သော် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ဆန္ဒမှာ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဟု ဆိုသော် လည်း တစ်ဖွဲ့နှင့် တစ်ဖွဲ့အကြားတွင် မတူညီသော အကျိုးစီးပွားများ ရှိနေသကဲ့သို့ အမျိုးသားနယ်မြေထူထောင် ရေးဆိုင်ရာ ဦးတည်ချက်များလည်း ရှိနေခဲ့သည်။ ထိုသို့သော မတူညီသည့် အကျိုးစီးပွားများနှင့် ဦးတည်ချက်များ သည် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အချင်းချင်းကြားတွင် ပေါက်ကွဲထွက်လာနိုင်သည့် ပဋိပက္ခလည်း ဖြစ်ပေရာ စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ဖြစ်ပွားလာသည့် ပဋိပက္ခစက်ဝန်းနှင့် ချိတ်ဆက်လိုက်သည့်အခါ ရှင်း၍ မရနိုင် လောက်အောင် ကြီးမားသွားခဲ့ပေသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေးအမြင်၊ စစ်အာဏာရှင် ပြုတ်ကျရေးလှုပ်ရှားမှုများကတဆင့် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသော လူငယ်ပညာတတ်များအပါအဝင် အသီးသီးသော လူတန်းစားအများအတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားနေသော ပဋိပက္ခများက ကြိုလင့်နေသည်မဟုတ်ပါလား။ ၄င်းတို့ဆန့်ကျင်နေသော အာဏာသိမ်းစစ်တပ်သည်လည်းကောင်း၊ စစ်ပညာသင်ယူ၍ အာဏာသိမ်းစစ်တပ်ကို ပူးပေါင်းတိုက်ခိုက်ကြရန်အတွက် အားကိုးတကြီးဖြင့် ဆက်သွယ်ခိုလှုံခဲ့ရသည့် လက်နက်ကိုင်တပ်ဖွဲ့များသည် လည်းကောင်း တရုတ်အစိုးရ၏ သြဇာအောက်တွင် ရှင်သန်နေကြရာ မျှော်လင့်ထားသည့် တော်လှန်ရေးအောင်ပွဲ ဆိုသည်မှာ ၄င်းတို့အတွက် ခက်ခဲလွန်းသည်ဟု ဆိုရပေမည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ
နိုင်ငံကို နှစ်ပေါင်းများစွာ ထိန်းချုပ်ထားပြီး ကဏ္ဍ အားလုံးတွင် ပုံစံအမျိုးမျိုးဖြင့် ပါဝင်နေသော စစ်တပ်အဖွဲ့အစည်းကို ဖြုတ်ချသည်ဆိုရာတွင် ပြည်တွင်းအင်အား နှင့် ပြည်ပအင်အားကို ဗျူဟာမြောက်စွာအသုံးပြုတတ်ရန် လိုအပ်သည်။ အထူးသဖြင့် ကမ္ဘာ့အင်အားကြီး နိုင်ငံ နှစ်နိုင်ငံအကြားတွင် တည်ရှိနေပြီး ပြည်တွင်းစစ်ပွဲများ ကာလကြာရှည်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံအတွက် လုပ် ဆောင်နေသည့် တော်လှန်ရေးကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပအားကို စနစ်တကျအသုံးပြုနိုင်ရန်မှာ ပြောစရာမလို လောက်အောင်ပင် လိုအပ်နေသည်။
ဤလိုအပ်မှုကို လက်ရှိ စစ်အာဏာရှင်တော်လှန်ရေး၏ ဦးဆောင်မှုအခန်းကဏ္ဍတွင် ရှိသည်ဟု ဆိုရမည့် NUGအစိုးရကရော ရေရေရာရာ နားလည်ပါ၏လောဟု မေးစရာရှိသည်။ ဖြတ်ကျော်ခဲ့ရသည် လေးနှစ်သက်တမ်း ကို ပြန်လည်ကြည့်ရလျှင် NUGအစိုးရသည် ပြည်တွင်းအင်အားကိုပင် ကောင်းစွာတည်ဆောက်မယူနိုင်ခဲ့ပါချေ။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးရာတွင် အဖွဲ့အစည်းအင်အားကို အဓိကကြည့်၍ ဆွေးနွေးခြင်းဖြစ် ၍ တစ်ဖွဲ့နှစ်တစ်ဖွဲ့အကြား ရရှိသည့် သဘောတူညီချက်များမှာ မတူညီခဲ့ကြပေ။ ထို့အပြင် နိုင်ငံရေးဆိုင်ရာ အာ မခံချက်များမှာ ရေရေရာရာမရှိသကဲ့သို့ ၄င်းတို့အချင်းချင်းကြားတွင်ပင် ဖက်ဒရယ်ဆိုင်ရာ အသိအမြင်နှင့် လက် ခံနိုင်မှုမှာ မတူညီကြသည်ကို တွေ့ရသည်။ ဤတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ အမြင်တွင် NUG အစိုးရသည် စစ်ရေး၊ နိုင်ငံရေးအရ ဦးဆောင်မှုအခန်းကဏ္ဍကို ယူထားနိုင်ခြင်းမရှိဘဲ ၄င်းတို့နှင့် တန်းတူလောက် နီးပါးသာရှိသော အစိုးရအမည်ခံEAOသက်သက်သာ ဖြစ်နေတော့သည်။ ။
Mauk Lao Leng
(Mauk Lao Leng သည် ပြည်တွင်းစစ်ရေး၊ နိုင်ငံရေးအခြေအနေများကို လေ့လာသုံးသပ်နေသော လွတ်လပ်သည့် နိုင်ငံရေးသုတေသီတစ်ဦး ဖြစ်သည်။)