Home » လောင်းကစား နှင့် ရှမ်းနီမျိုးဆက်သစ်တို့၏ အနာဂတ်

လောင်းကစား နှင့် ရှမ်းနီမျိုးဆက်သစ်တို့၏ အနာဂတ်

by Homeland Author

ယနေ့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် မကြုံစဖူးသော လူမှုစီးပွားဒုက္ခအပေါင်းကို ခါးစည်းခံစားနေကြရသည်မှာ ကာလတစ်ခု ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။ ထိုသို့သော အကျပ်အတည်းများကြားတွင် ရှမ်းနီနွယ်ဖွား မိဘပြည်သူများအနေဖြင့်လည်း မိမိတို့၏ ခံနိုင်ရည်စွမ်းအားကို စိန်ခေါ်နေသည့် လောကဓံတရားကို တင်းကြပ်စွာ ရင်ဆိုင်နေကြရသည်။ ထိုအခြေအနေသည် ရှောင်လွှဲ၍မရသော လက်တွေ့ ပကတိတရားပင် ဖြစ်သည်။

သို့သော် ဤအခက်အခဲများထက် ပိုမိုစိုးရိမ်ရသည်မှာ “နောက်လာမည့် မျိုးဆက်သစ်များ၏ ကံကြမ္မာ” ပင် ဖြစ်သည်။ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဟု ဆိုရိုးရှိသည့်အတိုင်း ယခုမျိုးဆက်က မည်သို့သော တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြမည်နည်းဆိုသည်မှာ အလွန်အရေးကြီးသော မေးခွန်းတစ်ခု ဖြစ်လာပါသည်။

စစ်ဘေးဒဏ်နှင့် လောင်းကစားဘေးဒဏ်

လက်ရှိ ရှမ်းနီနယ်မြေအချို့တွင် စစ်မီးများတောက်လောင်နေပြီး မိဘပြည်သူများမှာ သားသမီးများကို ကျောင်းထားရန်ထက် မည်သို့သောနေရာတွင် ခိုလှုံရမည်၊ မနက်ဖြန် မည်သို့ အသက်ဆက်ရမည်ဆိုသည့် ပူပန်မှုများဖြင့် လုံးပန်းနေကြရသည်။ အခြားတစ်ဖက်တွင်လည်း စစ်ဘေးဒဏ် တိုက်ရိုက်မကျရောက်သေးသည့် ဒေသများတွင်မူ “ဘုရားပွဲအမည်ခံ လောင်းကစားဝိုင်းများ” က ကင်ဆာရောဂါကဲ့သို့ ပြန့်နှံ့နေသည်ကို စိတ်မသာစဖွယ် မြင်တွေ့နေရသည်။

အဆိုးရွားဆုံးသော မြင်ကွင်းမှာ မိဘကိုယ်တိုင်က မိမိတို့၏ သားသမီးများကို ထိုလောင်းကစားဝိုင်းများသို့ ခေါ်ဆောင်သွားပြီး ကလေးငယ်များရှေ့တွင် ဗြောင်ကျကျ ကစားပြခြင်း၊ သင်ကြားပေးခြင်းတို့ပင် ဖြစ်သည်။ လောင်းကစားကြောင့် အိမ်၊ ခြံ၊ မြေများ ဆုံးရှုံးရုံသာမက ဘဝပျက်ကာ အကျဉ်းကျရသည့် သာဓကများစွာ ရှိနေသော်လည်း မိဘအချို့မှာ သတိမမူဘဲ ရှိနေကြဆဲ ဖြစ်သည်။ မိဘတို့၏ ဤကဲ့သို့သော ပေါ့ဆမှုသည် ကလေးငယ်များ၏ ဖြူစင်သော စိတ်ဓာတ်ပေါ်တွင် အဆိပ်ခတ်နေခြင်းပင် ဖြစ်သည်။

မျိုးဆက်သစ်တို့အတွက် တာဝန်ကျေကြပါစို့

မိဘပြည်သူများအနေဖြင့် မိမိတို့၏ ရင်သွေးငယ်များအတွက် “လုံခြုံသော ပတ်ဝန်းကျင်” တစ်ခုကို တည်ဆောက်ပေးရန် အလွန်အရေးကြီးပါသည်။ လုံခြုံသော ပတ်ဝန်းကျင်ဆိုသည်မှာ အိမ်ခေါင်မိုး လုံရုံမျှမကဘဲ ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်တတ်သည့် အလေ့အကျင့်နှင့် လုပ်သင့်လုပ်ထိုက်သည်ကို ခွဲခြားသိမြင်နိုင်သော အသိပညာကို ဆိုလိုခြင်း ဖြစ်သည်။

ထို့ကြောင့် ရှမ်းနီမိဘပြည်သူအပေါင်းတို့အား အောက်ပါအချက် (၂) ချက်ကို အလေးအနက် တိုက်တွန်းလိုပါသည်။

၁။ ပညာရေးကို အားပေးရန် – ကျောင်းနေအရွယ်ကလေးများကို လောင်းကစားဝိုင်းများဆီသို့ မဟုတ်ဘဲ စာသင်ကျောင်းများဆီသို့သာ လမ်းပြတွန်းပို့ပေးကြရန်။

၂။ စံပြနမူနာပြရန် – မိမိကိုယ်တိုင် လောင်းကစားမှ ကင်းဝေးအောင် နေထိုင်ပြီး ရင်သွေးငယ်များကိုလည်း လောင်းကစား၏ ကျေးကျွန်မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးကြရန်။

နိဂုံး

စီးပွားရေး အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာသော ဒုက္ခများကို ကြံ့ကြံ့ခံရန် ခက်ခဲမည်ကို နားလည်ပါသည်။ သို့သော်လည်း လောင်းကစားဖြင့် ငွေရှာခြင်းသည် မိသားစုကို ပိုမိုနက်ရှိုင်းသော ချောက်ကမ်းပါးထဲသို့သာ တွန်းပို့နေခြင်း ဖြစ်သည်။

မိမိတစ်ဦးချင်းစီမှ စတင်၍ လောင်းကစားကို စွန့်လွှတ်ကာ မိမိတို့၏ သားသမီးများကို စောင့်ရှောက်ခြင်းဖြင့် ရှမ်းနီလူမျိုးတို့၏ အနာဂတ်ကို အတူတကွ ကာကွယ်စောင့်ရှောက်ကြပါစို့ဟု တောင်းဆိုတိုက်တွန်းလိုက်ရပါသည်။

ဆိုင်ညွန့်
(ဆိုင်ညွန့် သည် ပြည်တွင်း နိုင်ငံရေး နှင့် ဒေသတွင်းအခြေအနေများကို လေ့လာသုံးသပ်နေသော ရှမ်းနီလူငယ်တဦးဖြစ်သည်။)

related posts

Leave a Comment