သည်လထဲမှာ ဖားကန့်မြို့နယ်ထဲက မှော်နယ်မြေတွေအပါအဝင် ရွာတွေထဲမှာ KIAတပ်ဘက်က အဓမ္မတပ်သားသစ်ကောက်တာတွေ များလာနေတယ်။ ဒေသခံတွေအနေနဲ့ စစ်တပ်ဘက်က မဆင်မခြင်ပစ်လိုက်တဲ့ လက်နက်ကြီးက ဘယ်အချိန် ကိုယ်အိမ်ခေါင်မိုးပေါ် ကျလာမလဲဆိုတာ တွေးပူနေရသလို စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်နေကြရတဲ့ ကိုယ့်လင်၊ ကိုယ့်သားခမျာ ဘယ်အချိန် KIA က ဆွဲခေါ်သွားတာ ခံရမလဲဆိုတာကိုပါ ပူပန်နေကြရတယ်။
ဒေသသတင်းရင်းမြစ်တွေကို အခြေခံပြီး Data ကောက်ကြည့်အခါမှာတော့ ကချင်ပြည်နယ်အတွင်းမှာ KIA တပ်ဖွဲ့ရဲ့ တပ်သားသစ် အဓမ္မကောက်တာက ၂၀၂၂ လောက်က စနေပြီ။ သို့သော် မခံနိုင်လို့ ထပြောတဲ့ နာဂအဖွဲ့အစည်းတွေရဲ့ တရားဝင်ထုတ်ပြန်တဲ့ သတင်းတွေကလွဲလို့ အခြားဘယ်အဖွဲ့အစည်းတွေကမှ မထုတ်ပြန်ကြတာကိုလည်း သတိပြုမိပါတယ်။
၂၀၂၃ ကနေ ၂၀၂၅ အတွင်းမှာတော့ ဗန်းမော်၊ မံစီ၊ မိုးမောက်ကနေ ဝိုင်းမော်မြို့နယ်တွေထဲအထိ KIA တပ်ဖွဲ့ရဲ့ အဓမ္မတပ်သားသစ် ကောက်ယူမှုက တိုးလာနေတာကို ကောက်ယူရရှိတဲ့ Data အရ ထပ်သိရပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ်ထဲမှာတော့ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသနဲ့ ဖားကန့်မြို့နယ်တွင်းအထိ ယောက်ျားလေးတွေအပေါ် အဓမ္မတပ်သားသစ် စုဆောင်းမှု တိုးလာနေတာကိုပဲ တွေ့ရပါတယ်။
မြစ်ကြီးနားမြို့နယ်ခွဲမှာပါတဲ့ ဆင်ဘိုမြို့ဘက်မှာ ဆိုလျှင် အဓမ္မတပ်သားသစ် ကောက်ယူလွန်းတဲ့အတွက် အိမ်မှုကိစ္စလုပ်ဖို့ ယောက်ျားလေးဆိုတာ မကျန်သလောက် ဖြစ်နေတယ်ဆိုတာကို တွေ့ရပါတယ်။ ပိုဆိုးတာက အဓမ္မစစ်သားကောက်ယူမှုတွေအပြင် စားနပ်ရိက္ခာနဲ့ ငွေကြေးကောက်ခံတွေပါ တိုးလာနေတာကိုပါ သိရှိလာရပါတယ်။
သည်နေရာမှာ တပ်သားသစ်ကောက်ယူမှုကိစ္စကို အဓမ္မလို့ ဘာကြောင့်ပြောရသလဲဆိုတာကို ရှင်းပြဖို့ လိုပါလိမ့်မယ်။ စစ်အာဏာရှင်ကို တော်လှန်ဖို့ ရွာလုံးကျွတ်စာရင်းပေးတဲ့ အညာမြေက အခြေအနေနဲ့ မတူတဲ့အခါ အဓမ္မဆိုတာကို တော်တော့်လူက နားလည်မယ်မထင်ဘူး။ အဓမ္မဆိုလျှင် စစ်တပ်ကပဲ လုပ်နေတာဆိုပြီးသာ သိကြတာဆိုတော့ နားလည်ရခက်နိုင်ပါတယ်။

ဖားကန့်မှာ ရေမဆေးကျောက် ရှာဖွေကြသူများ (Reuters)
ရှင်းပြပါ့မယ်။ မတရားတော့ဘူးလို့ လက်တွေ့သိမြင်ရတဲ့ အဖွဲ့အစည်းကို တော်လှန်ဖို့အတွက် ဖိအားပေးခိုင်းစေမှု မပါဘဲ တပ်သားအဖြစ် ကိုယ်တိုင်ကိုယ်ကျ သွားရောက်စာရင်းပေးတာမျိုး မဟုတ်ဘဲ တစ်အိမ်တစ်ယောက်, မလာမနေရဆိုပြီး ဖိအားပေးတာမျိုး၊ ညအချိန်မတော် အိမ်ထဲဝင်ပြီး ဖမ်းခေါ်သွားတာမျိုး၊ လမ်းမပေါ်မြင်လို့ ဖမ်းခေါ်သွားတာမျိုး မှန်သမျှဟာ အဓမ္မတပ်သားသစ် ကောက်တာပါပဲ။
ထပ်ဖြည့်ပြောပါဦးမယ်။ ဘယ်ဆရာတော်ရဲ့ ညှိနှိုင်းပေးမှုအရ၊ ဘယ်အဖွဲ့အစည်းရဲ့ ကူညီမှုအရဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပိုက်ဆံဘယ်လောက်ပေးလျှင် ပြန်လွှတ်ပေးတယ်ဆိုတာမျိုးကလည်း အဓမ္မတပ်သားသစ်ကောက်ခြင်းရဲ့ အကျိုးဆက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ အဓမ္မအမှုပါ။
ထပ်ပြောပါ့မယ်။ တပ်သားသစ်ကောက်လျှင် ပေး၊ ဆက်ကြေးကောက်လျှင် ထည့်၊ အဖွဲ့အစည်းလိုအပ်ချက်အရ ကျောက်စိမ်းတူးဖို့ ရွာမြေနဲ့ စာသင်ကျောင်းကအစ ဖယ်ပါလို့ အမိန့်ထုတ်လျှင် ဖယ်။ “ပြန်မပြောနဲ့၊ မဝေဖန်နဲ့၊ ဝေဖန်လျှင် ငါတို့ပြည်နယ်မှာ မနေနဲ့၊ ဖားကန့်မှာ ကျောက်လာမရှာနဲ့၊ ထမင်းဝအောင်စားထား၊ အသက်အပို ဆောင်ထား” စသဖြင့် ဖိနှိပ်နေတာ မှန်သမျှလည်း အဓမ္မအမှုတွေပါ။
ဖားကန့်တက်ပြီး နှစ်ပေါက်အောင် အဆင်းရဲခံ အငတ်ခံရင်း ရေမဆေးရှာမိတဲ့ ပဲခူးသားခမျာ ကျောက်စိမ်းရှာတွေ့ခါမှ ကံဆိုးပြီး ပစ္စတိုပြ အသိမ်းခံရပါတယ်ဆိုတဲ့ အဖြစ်အပျက်မျိုးတွေကအစ အဓမ္မမှုတွေပါပဲ။ ရှင်းအောင်ပြောရလျှင် “ဗမာပြည်တစ်ဝှမ်းကို ကိုယ့်အိမ်မှတ်ပါ ကိုယ့်ယာမှတ်ပါ”ဆိုတဲ့ တို့ဗမာသီချင်းအတိုင်းတော့ ဖားကန့်မှာ ရမယ်မထင်လေနဲ့။ သိမ်းလျှင် ပေးလိုက်၊ တန်ရာတန်ကြေးထဲက အခွန်ဆိုပြီး ခြောက်ဆယ်ရာခိုင်နှုန်းဖြတ်လည်း ခံလိုက်၊ နို့မို့ နုန်းကန်ထဲမှာ ပုပ်မှ ပေါ် လာတဲ့ အလောင်းဟာ ဘယ်သူမဆို ဖြစ်သွားနိုင်တယ် မဟုတ်ပါလား။
သည်နေရာမှာ KIA တပ်နဲ့ အာဏာသိမ်းစစ်တပ်ကြားက အခြေအနေကိုလည်း အလျဉ်းသင့်တုန်း ပြောပါရစေ။ KIA တပ်နဲ့ အာဏာရှင်စစ်တပ်ဆိုတာ ဇီဝဗေဒဘာသာရပ်ပါ သတ္တဝါမျိုးစိပ်တစ်မျိုးနဲ့ ဥပမာပေးရလျှင် ဂေဟစနစ်တွေကို ဖျက်ဆီးတဲ့နေရာမှာ ဗီဇတူတဲ့ အသွင်ကွဲ မျိုးစိပ်တွေပါပဲ။
အပြင်ပန်းမှာ ရန်သူလိုဖြစ်ကြပေမယ့် ဖားကန့်ရတနာမြေကို အခြေပြုလိုက်တဲ့အခါ KIA တပ်ဘက်က ဆလန်ကဘာ၊ ဒူကဘာတို့ဆိုတာ အာဏာရှင်စစ်တပ်ဘက်က ဗိုလ်မှူးဆိုတာ ယောက်ဖခေါ်ပြီး KTV မှာ ဖက်ကနိုင်ကြသည်အထိ တွဲသွားနိုင်သည်အထိ ဗီဇတူကြပါတယ်။
သည်ချစ်စွဲအဆက်ကလေးတွေကို အခြေခံလိုက်တဲ့အခါ တစ်တိုင်းပြည်လုံးက စစ်အာဏာရှင်ကို တော်လှန်နေချိန်မှာတောင် နေပြည်တော်ဆီ ငြိမ်းချမ်းရေးကိုယ်စားလှယ်လွှတ်ထားနိုင်သည်အထိ KIA တပ်ဖွဲ့က စွမ်းနေပါတော့တယ်။ KNU ကို မတရားအသင်း ကျေညာတဲ့ အာဏာသိမ်းစစ်တပ်က KIA ကို မကျေညာတာကို ကြည့်လျှင်ပဲ နောက်ကွယ်က ဆက်စပ်မှုသဘောကို မြင်သာနေပြီ မဟုတ်ပါလား။
တကယ်တော့ ဖားကန့်မြို့နယ်က လူထုတွေဟာ KIA တပ်ဖွဲ့နဲ့ အာဏာရှင်စစ်တပ်တို့ရဲ့ ဗိုလ်ကျစိုးမိုး ချယ်လှယ်မှုကို နှစ်ပေါင်းများစွာကတည်းက ခံလာခဲ့ကြရတာဖြစ်ပါတယ်။ သိမီသူတွေ ရှိကြပါလိမ့်မယ်။ စစ်တပ်က အာဏာမသိမ်းခင်ကာလ ၂၀၁၇ခုနှစ်မှာ ဖားကန့်မြို့နယ် နမ့်မဖြစ်ကျေးရွာ အခြေခံပညာကျောင်းက ကျောင်းဆရာ ဦးအောင်ဇင်ထွန်း ပစ်ခတ်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ပါ။ “ကချင်”နဲ့ဆိုင်တဲ့ နေ့တစ်နေ့မှာ ကျောင်းမတက်လို့ဆိုပြီး ကျောင်းသားကလေးအချို့ကို အပြစ်ပေးမိရာကစတဲ့ ပစ်ခတ်သတ်ဖြတ်ခံရမှုအပေါ် ယခု NUG အစိုးရရဲ့ ပညာရေးဒုဝန်ကြီးဖြစ်သူ ဦးစိုင်းခိုင်မျိုးထွန်းဦးဆောင်တဲ့ ဆရာများသမဂ္ဂကတောင် ဆန္ဒပြကန့်ကွက်ခဲ့ဖူးပါတယ်။ အခုတော့လည်း ဒုဝန်ကြီးခမျာ သည်မတရားမှုကို တော်လှန်ရေးကျေးဇူးနဲ့တင် ကျေအေးနေလောက်ပါပြီ။

အခုသည်လောက် ဖြစ်နေတာ ဘယ်သူမှ ထုတ်မပြောကြဘူးလားဆိုတော့ ဘယ်သူမှထုတ်မပြောနိုင်ကြလို့ကို သည်လိုအဓမ္မအနိုင်ကျင့်နေနိုင်တာပါလို့ပဲ ဖြေစရာရှိပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေမှာဆိုလျှင် မြန်မာပြည်လောက် လူ့အခွင့်အရေးတောင်းဆိုတဲ့ အဖွဲ့အစည်းများတာ မြန်မာပြည်ပဲ ရှိမယ်ထင်ပါတယ်။ သို့သော် မြန်မာပြည်က လူ့အခွင့်အရေးသမား (သို့မဟုတ်) အဖွဲ့အစည်းတွေဆိုတာ မကောင်းမှုမှန်သမျှဆိုလျှင် အာဏာရှင်စစ်တပ်ကိုပဲ ပစ်မှတ်ထား စွပ်စွဲဖော်ထုတ်ကြတာကလွဲလို့ ကိုယ်နဲ့ဆက်စပ်ပတ်သက်တဲ့ အဖွဲ့အစည်းရဲ့ အဓမ္မအမှုကျူးလွန်သမျှကိုတော့ ရေငုံနှုတ်ပိတ်နေကြတာက များပါတယ်။
ဆိုတော့ အခုကာလမှာ တော်လှန်နေကြတဲ့ ဘယ်သူ့ကိုမဆို မေးကြည့်ကြည့် ရချင်တာက ဒီမိုကရေစီ၊ နေချင်တာက ဖက်ဒရယ်နိုင်ငံ၊ ထောက်ခံနေတာက စစ်အာဏာရှင် တော်လှန်ရေးလို့တော့ ပြောကြပါလိမ့်မယ်။ သို့သော် ဝေဖန်သုံးသပ်ပြလျှင်တော့ မကြိုက်တော့ဘူး။ ဒေသတစ်ခုရဲ့ အခြေအနေမှန်ကို ထုတ်ပြောလျှင် အသက်ကိုပါ ရန်ရှာဖို့ ကြိုးစားလာကြတာရယ် လူမသိသူမသိ လုပ်ကြံခံကြရတာရယ်ပဲ တိုးလာနေပါတယ်။
ပိုဆိုးတာက ဆင်းရဲတွင်းနစ်လွန်းမကနစ်နေတဲ့ အခြေခံလူထုအပေါ် ငါတို့ကို မထောက်ခံလျှင်တော့ အကုန်စစ်တပ်ဘက်က လူတွေပဲဆိုပြီး လူမျိုးအခြေပြု မီဒီယာနဲ့ အဖွဲ့အစည်းအခြေပြု မီဒီယာတွေကနေ မှိုင်းတိုက်ချလိုက်ကြတာပဲ။ သည့်နောက်မှာ ရန်ငါအခွဲမတတ်တော့ဘဲ ငါနဲ့မတူ ငါ့ရန်သူမူနဲ့ ဘုရားပွဲမှာ ပုခုံးချင်းတိုက်မိသူကနေ စီးပွားပြိုင်ဘက်တွေအထိ ဒလံခေါင်းစဉ်အောက်မှာ ရှင်းလင်းခံကြရပါတော့တယ်။

KIA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
ရွှေဘိုနယ်ဘက်နဲ့ ဆားလင်းကြီးနယ်ဘက်မှာဆိုလျှင် ဒေသခံလူထုတွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာကို ဆိုးဆိုးဝါးဝါး တွေ့မြင်လာနေရပါတယ်။ အသက်မပြည့်သေးတဲ့ မိန်းကလေးကို အဓမ္မကျင့်တဲ့အမှုမျိုးတွေကနေ မသင်္ကာလျှင် ကိုယ်ဝန်ဆောင်အမျိုးသမီးတောင်မချန်ဘဲ သုတ်သင်ရှင်းလင်းတဲ့ အမှုမျိုးတွေအထိ ပေါ်ပေါက်နေပါတယ်။
ဘာသာရေးဘက်ဆိုလျှင်လည်း စစ်တပ်နဲ့ ဆက်စပ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရွာဦးကျောင်းဘုန်းကြီးကအစ ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးအထိ ရက်ရက်စက်စက် သုတ်သင်ပစ်ကြတာမျိုးကို တွေ့ကြုံနေခဲ့ရပြီ ဖြစ်ပါတယ်။
သို့သော် သည်လိုလူမဆန်တဲ့ ပြစ်မှုတွေကို ဖော်ထုတ်တင်ပြတိုင်း ကြုံတွေ့ရတာကတော့ “စစ်တပ်က လုပ်တာတွေကို အရင်ပြောဦး၊ အာဏာသိမ်းစစ်တပ်ကသာလျှင် တရားခံ၊ စစ်တပ် အာဏာမသိမ်းလျှင် ဒါတွေမဖြစ်ဘူး” ဆိုပြီး အဓမ္မမှုချင်း ခြေရာတိုင်းပြကြတာပါ။ သည်လိုနဲ့ KIA တပ်ဖွဲ့ဦးဆောင်ထားတဲ့ NUG အစိုးရရဲ့ အမှတ်(၁) စစ်နယ်မြေက အဓမ္မအမှုပေါင်းများစွာဟာ တာဝန်ယူမှု တာဝန်ခံမှု ခေါင်းပါးသလောက် အရေးယူခြင်းမခံရဘဲ လေလိုပြာလို လွင့်ကုန်တာများပါတယ်။ အဆိုးဆုံးကတော့ ရာဇဝတ်မှုများစွာ ကျူးလွန်နေသူကို ခရိုင်ကွပ်ကဲရေးမှူးအဆင့် တိုးပေးလိုက်တာမျိုးပါပဲ။
သည်တော်လှန်ရေးကြီးမှာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအခွင့်အရေးတွေထဲက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းခြောက်မှုပေါင်းများစွာနဲ့ ပိတ်ထားလိုက်ကတည်းက နောင်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက် မကဲတောင် တန်းတူလိုက်နေမှန်း သိလာရပြီ ဖြစ်ပါတယ်။
ပြစ်မှုပေါင်းများစွာ ကျူးလွန်းလိုက် စစ်တပ်စခန်းတွေ သိမ်းပြလိုက်၊ ပြဿနာများစွာ ရှာလိုက် မြို့သိမ်းတိုက်ပွဲ ဖန်တီးလိုက်နဲ့ လုပ်နေကြတာကလည်း ရှေးတုန်းက ရှင်ဘုရင်တွေ လူထုအပေါ် တစ်ဘက်က ဖိနှိပ်ရင်း တစ်ဘက်မှာ ဘုရားတည်ပြတာထက်တော့ မပိုပါဘူး။ သည့်ထက်ဆိုးတာက မြို့တွေ၊ နယ်တွေ အသိမ်းပြပြီး လက်တွေ့မထိန်းနိုင်တဲ့အခါ အာဏာသိမ်းစစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ကြောင့် နှစ်ဘက်တိုက်ပွဲတွေကြားမှာ လူထုအသက်အိုးအိမ်တွေဟာ အကြိမ်ကြိမ် သေကျေပျက်စီးကြရတာပါပဲ။

သည်နေရာမှာ ဒုတိယကမ္ဘာစစ်အတွင်းမှာ BIA တပ်ဖွဲ့ ပေါ်ပေါက်လာမှု အနေအထားနဲ့ အနီးစပ်ဆုံး ဥပမာပေးကြည့်ချင်ပါတယ်။ မဝေးသေးတဲ့ အတိတ်သမိုင်းကို ပြန်ကြည့်တဲ့အခါ ဗြိတိသျှကိုလိုနီလက်အောက်ကနေ ရုန်းထွက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ BIA တပ်ကို ဖက်ဆစ်ဂျပန်ဆီက အကူအညီယူပြီးစဖွဲ့ခဲ့တာကို တွေ့ရပါလိမ့်မယ်။ သည်လိုဖွဲ့ပြီးနောက် တော်လှန်ရေးခရီးကို BIA တပ် စလျှောက်ရတဲ့အချိန်ကစပြီး နိုင်ငံရေးခေတ်ကာလတလျှောက်လုံးမှာ သန္ဓေမမှန်ဘဲ ဖွားတော်မူလာတဲ့ မိမနိုင်ဘမနိုင်စစ်တပ်အဖြစ် ဝေဖန်လာကြပါတယ်။ မဟုတ်ဘူးလားလို့ မေးကြည့်၊ ဟုတ်တာထက်တောင် ပိုနေပါသေးတယ်။
ဒါဆိုလျှင် လက်ရှိအခြေအနေအရ စစ်အာဏာရှင်လက်အောက်ကနေ ရုန်းထွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို အမည်အမျိုးမျိုးနဲ့ ဖွဲ့စည်းကြတဲ့အပေါ်မှာ BIA တပ်ဖွဲ့တုန်းကလို သန္ဓေမှန်၏ မမှန်၏ကို သုံးသပ်ကြည့်ဖို့ မလိုပေဘူးလား။
ဥပမာ- သူ့စိုးမိုးနယ်မြေမှာ အဓမ္မဆက်ကြေးကောက်၊ အဓမ္မတပ်သားသစ်ကောက်၊ မတူညီတဲ့ လူမျိုးစုတွေအပေါ်မှာ ဖိနှိပ်နေပြီး ဖက်ဒရယ်ဒီမိုကရေစီ ရချင်လွန်းပါတယ်ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ဖွဲ့ကို ဆရာတင်လိုက်မိတာမျိုးပေါ့လေ။
လောကမှာ ဆရာ့ထက် တပည့်လက်စောင်းထက်တယ်လို့ ပြောကြပါတယ်။ ဒုတိယကမ္ဘာစစ်ကာလတုန်းက ဖက်ဆစ်ဂျပန်ဆီက တပည့်ခံလာတဲ့ BIA တပ်ဖွဲ့ကတော့ ကရင်နယ်တွေမှာ လက်စောင်းထက်လိုက်ပုံများ ဆရာဖြစ်သူ ဂျပန်တွေတောင် ပြန်အံ့ဩယူရပါသတဲ့။ ဒါဆို သည်ဘက်ခေတ်မှာရော လက်စောင်းတွေ အပြိုင်အဆိုင် ထက်နေကြသလားဆိုတာကို သက်ဆိုင်ရာ လူ့အခွင့်အရေး တောင်းဆိုသူများ၊ ဖက်ဒရယ်အရေး ဒီမိုကရေစီအရေး လှုပ်ရှားသူများအနေနဲ့ သုံးသပ်ကြတန်ကောင်းရဲ့။
အန္တရာယ် မကင်းတော့လည်း ငြိမ်ပြီး ကြည့်နေကြရုံပေါ့လေ။ အဂတိလေးပါးမှာ ဘယာကတိဆိုတာလည်း ပါသကိုး။ ဆိုတော့ ဆရာမငြိုငြင်အောင် ဘယ်လို မတရားမှုတွေ တွေ့တွေ့ တိတ်တိတ်နေနိုင်အောင်နေ၊ မနေနိုင်လည်း အားလုံးကောင်းပါသည်ခင်ဗျားလို့သာ အော်ပြချင်လည်း ပြကြရှာပေမပေါ့။ ဖက်ဒရယ်ဒီမိုကရေစီကလည်း လိုချင်ကြသေးတာကိုး…နော့။ ။
ထွန်းအောင်ကျော် (ဇေယျာမြေ)