အိမ်ထဲမှာ ခြေရာတခုကျန်ခဲ့တယ်။ ဒီခြေရာဟာ ဖိနပ်မပါဘဲ လျှောက်သွားနေသူ ဖြစ်နိုင်ပါတယ်။ ခြေရာမှာ တွေ့ရတဲ့ရွှံ့မှုန့်တွေက သူ့ခြေဖဝါးမှာအချိန်အတော်အကြာကြီး ရှိနေတာမျိုး ဖြစ်လောက်ပါတယ်။
ဒီခြေရာဟာ မိသားစုတစုရဲ့ ထမင်းအိုးဖြစ်နိုင်ပါတယ်။ ဒီခြေရာက အမေအိုရဲ့ ဆေးဖိုးဝါးခ ရှာပေးနေသူတယောက် ဖြစ်နိုင်တယ်။ ဒီခြေရာပိုင်ရှင်ဟာ သားသမီးတွေ ထမင်းစားရဖို့အတွက် နေအိမ်တခုကို အရဲစွန့်ဖောက်ထွင်းဝင်ရောက်လာသူလည်း ဖြစ်နိုင်ပါတယ်။
လိုအပ်ချက်တွေကို ကိုယ့်နည်းကိုယ်ဟန်နဲ့ ရှာကြံဖြည့်ဆည်းနေကြတာပဲ။ တချို့က ကုမ္ပဏီဝန်ထမ်းအဖြစ်နဲ့ ရှာကြံပြီး ရပ်တည်နေသူတွေရှိသလို၊ တချို့က တနေ့လုပ်မှ တနေ့စားရတဲ့သူတွေ ဖြစ်နိုင်တယ်။ တချို့က ဆိုက်ကားတစီးနဲ့ နေဝင်မိုးချုပ် ရှာဖွေနေရသူတွေလဲ ရှိနိုင်ပါတယ်။
လူနေအိမ်တခုထဲကို အရဲစွန့်ဝင်ရောက်ဖောက်ထွင်းပြီး တခုခုရလိုရငြား ရှာကြံရပ်တည်တဲ့သူတွေရှိနိုင်တယ်။ ရှိနိုင်လို့လဲ အခုပဲ ခြေရာတခုက နေအိမ်တိုက်ခန်းတခုထဲမှာ အသစ်စက်စက်ကျန်နေခဲ့တာပဲ။
ခြေရာပိုင်ရှင်ကိုတောင် မြင်လိုက်ရသေးတာဆိုတော့ ဒါဟာ လူနေတဲ့အိမ်ထဲ ဖောက်ထွင်းဝင်လာတာပဲ။ တခြားတပါးသောသူရဲ့ နေအိမ်ကို ဖောက်ထွင်းဝင်ရောက်လာတဲ့ လူတယောက်ဖြစ်လာအောင် သူ့ကိုဘယ်အရာတွေက တွန်းပို့လိုက်သလဲဆိုတာတော့ သူကိုတိုင်က အသိဆုံးဖြစ်မှာပါ။
ဒါဟာရာဇဝတ်မှုတခုကို ကျူးလွန်လိုက်တာပဲ။ သူတပါးအိမ်ကို ဖောက်ထွင်းတယ်ဆိုတာ ဘယ်လိုဥပဒေပုဒ်မမျိုးနဲ့ ကန့်သတ်ထားသလဲဆိုတာတော့ ခြေရာပိုင်ရှင်က သိချင်မှသိမှာပါ။ လိုအပ်ချက်တခုအတွက် ရာဇဝတ်မှုကို ကျူးလွန်ပြီး ဖြည့်ဆည်းဖို့အတွက် သူရွေးချယ်ခဲ့တာလဲ ဖြစ်နိုင်ပါတယ်။
ဒါဟာ အဖမ်းခံရနိုင်တယ်။ ထောင်ကျနိုင်လောက်တဲ့ ပစ်မှုမျိုးလဲဖြစ်နိုင်တယ်။ ဒီလိုလုပ်ရပ်မျိုးကိုလုပ်ဖို့ ဘယ်လိုစိတ်အခံနဲ့ အရဲစွန့်တွေးခဲ့တာလဲ။ ဒီအိမ်ဖောက်ထွင်းတယ်ဆိုတာကရော သူ့အတွက် ပထမဆုံးအကြိမ်လား။ ဒါမှမဟုတ် ဘယ်နှကြိမ်မြောက် ရှိနေပြီလဲ။

ရန်ကုန်မြို့ရဲ့ မြို့ပြကြီးမှာ တနေ့တမျိုး မရိုးရအောင် ဖြစ်ရပ်ဆန်းတွေ ရှိလာပါတယ်။ တိုးတိုးတဖုံ ကျယ်ကျယ်တမျိုးနဲ့ကို တနေ့တမျိုး မရိုးရအောင် ကြားနေရတာဖြစ်ပါတယ်။
တချို့က ပြန်လမ်းမဲ့ခရီးအတွက် ကိုယ့်ကိုယ်ကို ရောင်းစားနေကြသူတွေတောင် ရှိတယ်လို့ သတင်းထွက်နေတာပါ။ သတင်းထွက်တယ်ဆိုတာ မြေပြင်မှာ ဖန်တရာကတေအောင်ဖြစ်နေတော့မှ ထွက်လာတာမျိုးဖြစ်နိုင်ပါတယ်။
ပြန်လမ်းမဲ့ခရီးလို့ သတ်မှတ်လိုက်တာဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းထဲပါသွားပြီဆိုထဲက အိမ်ပြန်လမ်းအတွက် မသေချာမရေရာတော့တာလဲဖြစ်ပါတယ်။
အဲ့ဒီမသေချာတဲ့ လမ်းခရီးဆိုတာ အသက်ရှင်လျက်နဲ့ မိသားစုနဲ့ပြန်တွေ့ရဖို့ မဖြစ်နိုင်တော့တာဖြစ်ပါတယ်။ ဒီလိုမဖြစ်နိုင်တဲ့လမ်းကို အပြတ်ရွေးချယ်လာတဲ့သူတွေရှိလာတယ်လို့ ကြားရတာ စိတ်မကောင်းစရာ အခင်းအကျင်းတခုဖြစ်လာပါတယ်။
အကြောင်းကတော့ ကိုယ့်ကိုယ်ကို စစ်မှုထမ်းထဲပါဖို့ ပြန်ရောင်းစားကြသူတွေ ရှိလာနေတာဖြစ်ပါတယ်။ ရပ်ကွက်အဆင့် အုပ်ချုပ်ရေးမှူးတွေရဲ့ လူစားလဲရေး အစီအစဉ်တခုအတွက် ဖြစ်နိုင်ပါတယ်။
ငွေကြေးတတ်နိုင်သူတွေဟာ စစ်မှုထမ်းမဲပေါက်ရင်တောင် စစ်တိုက်မထွက်လိုကြတာ။ စစ်မထွက်ရဲကြတာတွေကြောင့် ငွေပေးပြီး လူစားလဲတဲ့ အခြေအနေတွေကို စစ်မှုထမ်းဥပဒေ ပြဌာန်းလိုက်တဲ့ ကနဦးရက်တွေမှာ ရှိလာတယ်။ အခုတော့ နောက်ထပ်အဆင့်တခုကိုတောင် ရောက်နေပါပြီ။ စစ်မှုထမ်းထဲပါဖို့ ကိုယ်ကိုယ်ကိုရောင်းစားကြတယ်ဆိုတာပါ။

ဒါဟာယိုယွင်းတိမ်းစောင်း ပျက်ပြားသွားတဲ့ ဘဝပုံရိပ်တွေကို ထင်ဟပ်စေတာလဲ ဖြစ်ပါတယ်။ နောက်ထပ် ကာလတခုကို ဖြတ်ကျော်လို့အပြီးမှာ နောက်ထပ်မတူညီတဲ့ ရင်ထဲမချိတင်ကဲ ဖြစ်ရမယ့်အကြောင်း အရာတခု ထပ်မလာပါစေနဲ့လို့ပဲ ဆုတောင်းမိပါတယ်။
ရှုတ်ထွေးကြပ်တည်းမှုအပေါင်းကို ရရာနည်းနဲ့ဖြေရှင်းကြသူတွေဖြစ်ပါတယ်။ သူတို့အတွက် တခြားရွေးချယ်စရာ တခုခုရှိရင်တော့ ကိုယ့်ကိုယ်ကို စစ်မှုထမ်းထဲပါဖို့ ပြန်ရောင်းစားတာမျိုး၊ သူတပါးအိမ်ကို ဖောက်ထွင်းခိုးဝင်ဖို့အတွက် အရဲစွန့်ကြတာမျိုးတွေ ရှိချင်မှရှိမှာပါ။
အခုတော့ ရန်ကုန်မြို့ပြကြီးက အိမ်ဖောက်ထွင်းခံရတဲ့ အရာတွေအပြင် တခြားအရာတွေ တနေ့တမျိုး မရိုးရအောင် ကပြအသုံးတော်ခံနေလျှက်ရှိတဲ့အကြောင်း ထပ်ဆင့်ကြေညာမောင်း ခတ်လိုက်ရပါတယ်။
ရန်ကုန်၊ ဒဂုံမြို့သစ်တောင်ပိုင်း သုခဒဂုံအိမ်ရာမှာ ဇွန် ၂၁ ရက် ဒီမနက်အစောပိုင်းက အိမ်ထဲဝင်ခိုးနေတဲ့သူခိုးနဲ့ အိမ်ရှင်တို့တွေ့ချိန် သူခိုးကဓားနဲ့ထိုးလို့ အိမ်ရှင်အမျိုးသား သေဆုံးခဲ့ပါတယ်။
ဝရန်တာကနေ ကျော်တက်လာပြီး အိမ်ထဲဝင်ခိုးနေချိန်မှာ အိမ်ရှင်လင်မယားနဲ့ ထိပ်တိုက်တွေ့ပြီး ၂ ယောက်လုံးကို ဓားနဲ့ထိုးခဲ့တာလို့ ဆိုပါတယ်။
ဇနီးဖြစ်သူက စိုးရိမ်ရတဲ့ ဒဏ်ရာနဲ့ စံပြဆေးရုံကိုပို့ဆောင်ကုသနေရပြီး ခင်ပွန်းဖြစ်သူကတော့ ဓားဒဏ်ရာ ၁၉ ချက်နဲ့ သတိပြန်မရတော့ဘဲ သေဆုံးသွားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ရန်ကုန်မှာနေတဲ့ မိတ်ဆွေတယောက်ကလည်း သူ့အိမ်ဖောက်ထွင်းခံရတဲ့ အခြေအနေတချို့ကို ထုတ်နှုတ်ရင်ဖွင့်လာပါတယ်။
“မနေ့ညက ကျနော့်အိမ် သူခိုးဝင်တယ်။ ဘာမှတော့ပါမသွားဘူး။ ည ၂နာရီအချိန်ကြီး။ မိုးရွာလို့ အဝတ်လှန်းထားတာကို ယူဖို့ထတာ။ သူက ဗီဒိုကိုဖွင့်ပြီး ဖွနေတာ။ ကျနော်တို့ထတာမြင်တော့ ဘေးကတိုက်ကို ပြေးသွားတာ။ ဘေးတိုက်က ဆောက်လက်စ တိုက်ပါ။ ပြတင်းတံခါးကို ဖွင့်အိပ်မိတာ။ မီးမလာတာ၊ အိုက်တာနဲ့ တံခါးဖွင့်အိပ်မိတာ။ ပြတင်း တံခါးကလဲ သံပန်းတပ်ရမှာ။ မတပ်ရသေးတာ။
သံပန်းက မြန်မာငွေ သိန်း ၂၀ လောက်ကုန်မှာ။ ဘယ်တတ်နိုင်မလဲ။ သူ့ကိုတွေ့တော့ ဘေးတိုက်ကိုပြေးထွက်သွားတဲ့အချိန် သူခိုးသူခိုးလို့ အော်တာပေါ့။ မိုးရွာနေတော့ ပတ်ဝန်းကျင်က မကြားကြဘူးထင်ပါတယ်။ ဘယ်သူမှ မသိကြဘူး။
ကျနော့်မိန်းမက ကြောက်သွားတာ။ အိမ်ပြန်မအိပ်ရဲတော့ဘူး အခုက။ မိုးရွာတဲ့အချိန်နဲ့ လူတွေအိပ်နေတဲ့အချိန်ကို ရွေးလုပ်တာ။ ကျနော်ခါတိုင်း တန်းထတယ်။ ညကမနိုးတာ။ ကျနော့်အမျိုးသမီးက အတင်းနှစ်ခါနှိုးမှနိုးလို့ မဟုတ်ရင် သူခိုးနဲ့ကွက်တိ၊ သူပြေးချိန်မရလောက်ဘူး။ အရင်တခါ သူခိုးမိလို့ ရိုက်တာလဲ ဘေးကဆောက်လက်စတိုက်ပဲ။
တုတ်ဆောင်ထားရမှာ။ အဲ့ဒါကြောင့် မိန်းမရွာပြန်တော့ သူ့အဖေက မှာလိုက်တာ။ ခေါင်းအုံးအောက်မှာ ဓားမကြီးထားအိပ်လို့ မှာတာ။ မယားညီအကိုဖြစ်သူကလဲ အဲ့ဒီအတိုင်းမှာတာ။ သူတို့တရွာလုံးက ယောက်ျားသားတွေ ခေါင်းအုံးအောက် ဓားမ ထားအိပ်ကြတာ ထုံးစံတဲ့။ တခုခုဆို ညရေးညတာ ဆွဲထုတ်လိုက်ရုံပဲတဲ့။
အဲ့သည် အရပ်မှာ
ယောက်ျားသားတွေဟာ
ဓားမကို ခေါင်းခုပြီး အိပ်ကြ
မလုံခြုံသော စိတ်
မလုံခြုံသောနေရာ
အမေရိကားမှာ ကိုယ်ပိုင်သေနတ်
လိုင်စင်နဲ့ ကိုင်ထားသလို။
ဓားမကိုခေါင်းခု
သည်အရပ်မှာ
ဘာအမှုတွေဖြစ်တတ်ခဲ့ပါသလဲ
ရန်ကုန်မြို့ပေါ်မှာပဲ
သံတုတ်ခေါင်းခု
အိပ်နေရပြီ။
တရားမဲ့
တံခါးမဲ့
အလင်းမဲ့ နှစ်ကာလတွေ။
မိတ်ဆွေက သူကြုံရတာကိုလဲ ရင်ဖွင့်ရင်း ကဗျာတပုဒ်ပါ ရေးပြပြီး အခြေအနေတချို့ရဲ့ အစက် အပြောက်တွေကို ချိတ်ဆက်ပြလိုက်ပါသေးတယ်။
ကျောမလုံတော့တဲ့ မြို့ပြညတွေအတွက် စကားလုံးနဲ့ဖော်ပြစရာတောင် မလွယ်ကူတော့ပါဘူး။ အဲ့ဒါဟာ အလင်းမဲ့တဲ့ နှစ်ကာလတွေပဲဖြစ်မှာပါ။ အမှောင်ထုထဲမှာ ကျနော်တို့ဟာ ကြုံရာကျပန်း ရှင်သန်နေကြရတာပဲမဟုတ်လား။ ။
တာပလု ရေးသားသည်။