ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘုရင်မင်းဆက် ၁၀ ပါးမြှောက်မှ ပေးအပ်လာတဲ့ သျှမ်းဘာသာပြန်ဓမ္မစာပေ ပိဋကတ် ၃ ပုံကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်စစ်မှ လက်ခံရယူခြင်း အခမ်းအနားပွဲကို မနေ့က နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
သျှမ်းဘာသာပြန် ပိဋကတ်ဓမ္မစာပေ ဆက်လက်ပြန့်ပွားစေရန်အတွက် ပေးအပ်လာတဲ့ သျှမ်းဘာသာပြန်ပိဋကတ်စာပေ လက်ခံရယူခြင်း နဲ့ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားပွဲကို ကျင်းပခဲ့ပါတယ်။
အဆိုပါအခမ်း အနားပွဲကို အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း မူလနိထိမှ ဦးဆောင်စီစဉ်ခဲ့ပြီး ထိုင်းဘုရင်မင်းဆက် ၁၀ ပါးမြှောက်မှဦးစီးပြု လုပ်ကာ အာဇန်ဆုလထတ်ချဆုလို နဲ့ ဝပ်နတ်ကလျာဏထမ်း ကျောင်းထိုင်ဆရာတော် ဖရခူးဆန်ခရဂ်ခိုမ်းဆန်ချနဆာဖိုးတို့မှ ပိဋကတ်ဘာသာပြန်ခြင်း ဖြစ်မြှောက်လာပုံ၊ ဆက်လက်ပြန့်ရေးအတွက် ဗိုလ်ချုပ်ကြီး ယွတ်စစ်ထံ လွှဲပြောင်းပေးအပ်ခဲ့တာလို့ ဆိုပါတယ်။
ပိဋကတ်စာပေတွေကို ထိုင်းဘာသာကနေ သျှမ်းဘာသာစကား ၉ မျိုးအထိ ဘာသာပြန်ဆိုထားကာ သျှမ်းကြီး နဲ့ ယွန်းသျှမ်းကိုတော့ Ajan Phon Khan Phayak Wong ကတာဝန်ဘာသာပြန်ရေးသားခဲ့ပြီး၊ ပိဋကတ်ဓမ္မစာပေ ဘာသာပြန်ဆိုခြင်းရဲ့ အဓိကရည်ရွက်ချက်မှာ သျှမ်းမျိုးနွယ်စုတွေ ထိုင်း၊ တိုင်းလုံ၊ တိုင်းခန္တီး၊ တိုင်းဖာကေး၊ ယွန်းသျှမ်း၊ လောဝ်း၊ တိုင်းဆစ်ဆောင်ပန်နား တို့အပါအဝင် အဓိပ္ပါယ်ဖွင့်ဆိုခြင်း နဲ့ အသံထွက်တူစေဖို့ ရည်ရွယ်၍ ဘာသာပြန်ဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးသို့ သျှမ်းဘာသာပြန် ပိဋကတ်စာပေတွေ ဆက်လက်ပြန့်ပွားရေးအတွက် အပြည်ပြည်ဆိုင်ရာ ပိဋကတ်ဓမ္မစာပေ ဘာသာပြန်ရေး မူလနိထိအဖွဲ့ရဲ့ကိုယ်စား ဗိုလ်ချုပ်ကြီး ယွတ်စစ်ကို ရွေးချယ်ကာ ဗုဒ္ဓပိဋကတ်ပြန့်ပွားရေးတာဝန်ကို ပေးအပ်လိုက်တာလို့ သိရပါတယ်။
အဆိုပါပိဋကတ်ဘာသာပြန်ခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ဘာသာပြန်ဆိုခဲ့ပြီး ၉ နှစ်ကြာအချိန်ပေးပြီးမှ ထိုင်းဘာသာကနေ သျှမ်းဘာသာသို့ ပြန်ဆိုနိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပိဋကတ်စာပေတွေကို သျှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့ရှိ ပိဋကတ်ကျောင်းတွင် ပင့်ဆောင်ထားရှိသွားမည်ဖြစ်ကြောင်း သိရပါတယ်။








