Home နိုင်ငံရေး စစ်ကော်မရှင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကူညီမယ်လို့ BGF ပြော

စစ်ကော်မရှင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကူညီမယ်လို့ BGF ပြော

by Homeland Author

လာမယ့် ဒီဇင်ဘာလအတွင်း စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲကို ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)အနေနဲ့ အပြည့်အဝထောက်ခံတယ်လို့ စက်တင်ဘာ ၃ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်လာပါတယ်။

စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာ နိုင်ငံအနာဂတ်အတွက် ဒီမိုကရေစီစနစ်ကို ဦးတည်ကာ ပြည်သူတွေရဲ့ တည်ငြိမ်အေးချမ်းလုံခြုံတဲ့ဘဝကို ဖန်တီးနိုင်ဖို့ အရေးပါတယ်လို့ နားလည်ခံယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအပေါ် ခွဲခြားမှုမရှိဘဲ တရားမျှတစွာ ကူညီပြီး မဲဆန္ဒရှင်တွေ မဲပေးခွင့်အပေါ် အန္တရာယ်မရှိစေဖို့ BGF အနေဖြင့် အထူးအလေးထားကူညီ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ တည်ငြိမ်လုံခြုံတရားမျှတစွာ ကျင်းပနိုင်ရေးနဲ့ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ရေး ကူညီမယ်လို့လည်း ဆိုထားပါတယ်။

တစ်ဖက်မှာလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေအတွင်းရှိ လူပုဂ္ဂိုလ်၊ ဘာသာရေးခေါင်းဆောင်၊ လူမှုအဖွဲ့အစည်း၊ NGOs၊ INGOsတွေအနေနဲ့ ရွေးကောက်ပွဲကို ကူညီပံ့ပိုးပူးပေါင်းပါဝင်ရင် ကော်သူးလေဥပဒေနဲ့ အရေးယူမယ်လို့ သြဂုတ်လ ၃၀ရက်မှာ ကြေညာထားပါတယ်။

စစ်ကော်မရှင်အနေဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲအပိုင်း ၁ ကို ကရင်ပြည်နယ်မှ ဘားအံ၊ မြဝတီ၊ သံတောင်ကြီးမြို့နယ်တွေအတွင်း ကျင်းပမယ်လို့ ကြေညာထားပါတယ်။

BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကို စစ်ခေါင်းဆောင်က သီရိပျံချီဘွဲ့ချီးမြှင့်နေပုံ (ဓာတ်ပုံ-စစ်ကော်မရှင် ပြန်ကြားရေး ၂၀၂၃)

related posts

Leave a Comment