စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပူအောင်စံပြကျေးရွာအနီးရှိ နားမော်ကျေးရွာမှာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နဲ့ ကချင်တပ်ဖွဲ့ (KIA) ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှစ၍ တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိမှာလည်း နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ ပြောပါတယ်။
ဒေသခံတစ်ဦးက “နားမောက်ဖက် တိုက်ပွဲ ပြန်ဖြစ်နေတယ်၊ SNA ဖက်က ထိုးစစ်ဆင်တယ်လို့ ပြောတာပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းက စပြီးဖြစ်ကြတာ၊ နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ အခြေအနေလို့ ပြောရမှာပါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
SNA ထိန်းချုပ်ထားတဲ့ နားမော်ရွာကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက KIA နဲ့ လက်အောက်ခံ တပ်ဖွဲ့တို့ SNA ကို ထိုးစစ်ဆင် တိုက်ခိုက်လာမှုကြောင့် နားမော်ရွာ ပျက်စီးသွားတဲ့ နေအိမ်တွေလည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ရုပ်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။
နားမော်ရွာဟာ ဥရုချောင်းဘေးရှိ နောင်ပူအောင်စံပြကျေးရွာ အနီးမှာ တည်ရှိတဲ့ ရှမ်းနီရွာဖြစ်သလို အနီးအနားရှိ လွှစင်ကုန်းကျေးရွာလည်း အလားတူ KIA နဲ့ ၎င်းတို့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ ထိုးစစ်တွေကြောင့် ပျက်စီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ နားမော်၊ လွှစင်ကုန်းကျေးရွာရှိ ရှမ်းနီဒေသခံတွေအပြင် နောင်ပူအောင် ဒေသခံအချို့ဟာလည်း ဘေးကင်းရာ ဒေသသို့ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အလားတူ ဗန်းမောက်မြို့နယ်အတွင်းမှာလည်း SNA နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။