တအာင်းတပ်ဖွဲ့ (TNLA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့နယ်၊ ဘုရားသုံးဆူကျေးရွာမှာ စစ်တပ်မှ လေကြောင်းဖြင့် မနေ့က စက်တင်ဘာ ၂၁ ရက်နေ့မှာ ပေါင်(၂၅၀) ဗုံး(၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ဘုရားသုံးဆူကျေးရွာရှိ ကြက်မွေးမြူးရေးခြံပေါ်မှာ ဗုံးတွေ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ TNLA က ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့လည်း ကျောက်မဲမြို့နယ်၊ လွယ်အံကျေးရွာမှာကို ဦးတည်၍ ဒရုန်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အခု စက်တင်ဘာလအတွင်း လေကြောင်းနဲ့ ကျောက်မဲမြို့နယ်မှာ (၅)ကြိမ်၊ သီပေါမြို့နယ်မှာ (၁)ကြိမ်၊ မိုးကုတ်မြို့နယ်မှာ (၁)ကြိမ် ဗုံးများလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား (၁) ဦး၊ အမျိုးသမီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၇) အိမ်၊ စာသင်ကျောင်း (၁) ကျောင်း၊ ဘုန်းကြီးကျောင်း (၁) ကျောင်း နဲ့ ကား (၁)စီး ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ပြောပါတယ်။
မိုးကုတ်မြို့နယ်ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်း တပ်ဖွဲ့ (TNLA) က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိမှာ နောင်ချို – မိုးကုတ်လမ်းပိုင်းတွေမှာ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။