ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ (ဘက) ကျောင်းတစ်ခုမှာ ပညာသင်ကြားနေတဲ့ အသက် ၈ နှစ်အရွယ် ကျောင်းသူကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၄ ဦးကို မုဒိမ်းမှုကျူးလွန်ဖို့ ကြံစည်အားထုတ်ခဲ့တဲ့ ကျောင်းဆရာတဦးကို အာရက္ခတပ်တော် (AA) ရဲ့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။
မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်ရှိ တေဇာရာမ (ဘက) ကျောင်းမှ အသက် ၅၆ နှစ်အရွယ် ကျောင်းဆရာ ဦးမောင်ငယ် (ခ) မောင်တင်နုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အဆိုပါ ကျောင်းမှာ ပညာသင်ယူနေတဲ့ အသက် ၈ နှစ်အရွယ် KG တန်း ကျောင်းသူငယ်တစ်ဦးကို မဖွယ်မရာပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်ကို ကာယကံရှင် မိန်းကလေးငယ်က ၎င်းရဲ့ မိခင်ထံ ပြန်လည်ပြောပြခဲ့ရာမှတစ်ဆင့် မြေပြင်စုံစမ်းမှုတွေ ထပ်မံပြုလုပ်ခဲ့ရာ အဲဒီကျောင်းဆရာဟာ ၂၀၂၅ ခုနှစ်အတွင်းကလည်း အသက် ၆ နှစ်၊ ၇ နှစ် နဲ့ ၈ နှစ်အရွယ်ရှိ KG ကျောင်းသူ ၃ ဦးကို အလားတူ မဖွယ်မရာပြုလုပ်ခဲ့တဲ့ အမှုဟောင်းတွေပါ ထပ်မံပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကလေးငယ်တွေရဲ့ မိဘများက မတ်လ ၆ ရက်နေ့မှာ AA ရဲ့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) မှာ အမှုဖွင့်တိုင်တန်းခဲ့ရာ တာဝန်ရှိသူတွေက အမှုအမှတ် (ပ) ၁၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ကျူးလွန်သူ ဦးမောင်ငယ်ကို မတ်လ ၁၁ ရက်နေ့မှာ ဖမ်းဆီးခဲ့ကာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကလည်း မောင်တော်မြို့နယ် အောင်သုခရွာမှာ အသက် (၃) နှစ်အရွယ် ကလေးငယ်တဦးကို အသက် (၁၆) နှစ်အရွယ် လူငယ်တဦးက မုဒိမ်းကျင့်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးထားပြီး မုဒိမ်းမှု၊ လူသတ်မှု၊ အလောင်းဖျောက်ဖျက်ဖို့ ကြိုးစားမှုတွေနဲ့ အရေးယူထားပါတယ်။
အခုလို ကလေးငယ်များအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်၍ ဒေသခံပြည်သူတွေက ပြင်းထန်စွာ ဝေဖန်ရှုတ်ချလျက်ရှိပြီး ပြည်သူတွေအနေဖြင့်လည်း မိမိတို့ရဲ့ ကလေးငယ်တွေကို အကာအကွယ်ပေးဖို့ နဲ့ သံသယဖြစ်ဖွယ်တွေ့ရှိပါက အချိန်မီသတင်းပေးပို့ဖို့ DLEPS က အသိပေးနှိုးဆော်ထားပါတယ်။
လက်ရှိ AA က ပြဋ္ဌာန်းထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၃) ဥပဒေအရ အသက် ၁၂ နှစ်အောက် အမျိုးသမီးကို မုဒိမ်းမှုကျူးလွန်ပါက ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ ထောင်ဒဏ်အနှစ် ၂၀ ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရပါတယ်။


