စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က အမျိုးသမီးရဲဘော်တစ်ဦးကို ဖမ်းဆီးချုပ်နှောင်ကာ အဓမ္မပြုကျင့်ပြီး ရိုက်နှက်ခဲ့တယ်ဆိုတဲ့ဖြစ်ရပ် နဲ့ ပတ်သက်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း နဲ့ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အမျိုးသမီးအဖွဲ့အစည်းတွေ တောင်းဆိုလိုက်ပါတယ်.
ဒီနေ့ မတ်လ ၇ ရက် ထုတ်ပြန်တောင်းဆိုချက်မှာတော့ ကျူးလွန်ခံရသူမှာ တပ်ရင်းက အမျိုးသမီးရဲဘော်တယောက် ဖြစ်သလို ၃ နှစ်အရွယ် ကလေးမိခင်တယောက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ အမျိုးသမီးရဲဘော်ကို ပြင်းထန်စွာ ရိုက်နှက်ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ဒီဖြစ်ရပ်ကို အရေးယူဖြေရှင်းမပေးဘဲ “အလိုတူအလိုပါ” ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ကျူးလွန်ခံရသူဟာ အစ္စလာမ်ဘာသာဝင် ဖြစ်တာကြောင့် လူမျိုးရေးခွဲခြားတဲ့ စကားတွေ နဲ့ စော်ကားမှုတွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ ဖြစ်ရပ်တွေအပေါ် ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ (ဗမသ)၊ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ယောလူထုတိုက်ပွဲကော်မတီ၊ CDM ပညာရေးဝန်ထမ်းများသမဂ္ဂ အပါအဝင် တခြားသော အဖွဲ့အစည်းတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ ဘယ်လိုအခြေအနေမှာမဆို ခွင့်လွှတ်လို့ မရနိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ချက်ချင်း စုံစမ်းစစ်ဆေးဖို့၊ ကျူးလွန်သူတွေကို တာဝန်ယူမှုရှိစေဖို့နဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့၊ ကျူးလွန်ခံရသူအပေါ် ဖြစ်ပွားခဲ့တဲ့ ထိခိုက်နစ်နာမှုတွေကို အများပြည်သူရှေ့မှာ အသိအမှတ်ပြုဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ မဖြစ်ပွားစေဖို့ ကာကွယ်ရေး နဲ့ တာဝန်ခံမှုစနစ်တွေ တည်ဆောက်ကြဖို့ကိုလည်း အလေးအနက် တိုက်တွန်းကြောင်း အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။