Home » ပူတာအို – ခေါင်လန်ဖူး ဆိုင်ကယ်ကယ်ရီငှားရမ်းခ ကျပ် ၁၀ သိန်းအထိ ပေးနေရ

ပူတာအို – ခေါင်လန်ဖူး ဆိုင်ကယ်ကယ်ရီငှားရမ်းခ ကျပ် ၁၀ သိန်းအထိ ပေးနေရ

by Homeland Author

ကချင်ပြည်နယ် ပူတာအို – ခေါင်လန်ဖူး ဆိုင်ကယ်ကယ်ရီ ငှားရမ်းခက တစ်စီးကို ငွေကျပ် ၁၀ သိန်းအထိ ပေးနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပူတာအိုကနေ ခေါင်လန်ဖူးကိုသွားတဲ့ ကားလမ်းပိုင်းက မြေသားလမ်းဖြစ်တဲ့အတွက် မိုးရွာသွန်းမှုကြောင့် ပျက်စီးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ လဆန်းပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ခေါင်လန်ဖူး – ပူတာအိုကားလမ်းပိုင်းဟာ လမ်းမြေပြိုတာ၊ တောင်ပြိုတာတွေကြောင့် လက်ရှိအချိန်အထိကားသွားလာလို့မရသေးတဲ့အနေအထားမှာ ဖြစ်နေပါတယ်။

ဇွန်လ မတိုင်ခင်အထိ ပူတာအိုနဲ့ ခေါင်လန်ဖူးကို ဒေသခံတွေက မော်တော်ယာဥ်လိုင်းတွေနဲ့သွားလာကြပေမယ့် လက်ရှိကားသွားလို့မရတာကြောင့် ဆိုင်ကယ် ကယ်ရီကိုပြောင်းလဲအသုံးပြုလာကြတာဖြစ်ပါတယ်။

လမ်းပိုင်းပျက်စီးနေတာကြောင့် ဆိုင်ကယ်တွေ ဒဏ်မခံနိုင်ဘဲ ပြင်ဆင်စရိတ်နဲ့ တွက်ချက်လိုက်တာကြောင့် ကယ်ရီငှားရမ်းခက ကျပ် ၁၀ သိန်း ပေးရတာ ဖြစ်တယ်လို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။

“ခေါင်လန်ဖူးက အရင်က လမ်းဖောက်တယ်ဆိုတာတော့ အချောမဟုတ်ဘူး မြေသားက အသားမကျသေးဘူး။ နောက်တော့ ပြန်မလုပ်နိုင်ဘူးလေ။ ပြန်မလုပ်နိုင်တော့ ပိုဆိုးမှာပေါ့။ မိုးရွာရင်တော့ ပိုပျက်မှာပေါ့။ အဲဒီလောက်တော့ ရှိမှာပေါ့။ နောက်ပိုင်း ဆီဈေးတွေက တအားဖောင်းပွတယ်လေ မိုးပေါ်ရောက်နေတာ ဖြစ်နိုင်ပါတယ် ဈေးတွေကတော့” လို့ ပြောပါတယ်။

လမ်းပိုင်းက အလွန်ဆိုးရွားတာကြောင့် ကယ်ရီသမားတွေဟာ အသက်စွန့်ပြီး သွားကြရတဲ့အပြင် စက်သုံးဆီကလည်း ပုံမှန်ထက် ၂ ဆလောက် ပိုမိုကုန်ကျတယ်လို့ သိရပါတယ်။

အဲဒါအပြင် လမ်းပိုင်းကြမ်းတာကြောင့် ဆိုင်ကယ်အထိနာပြီး ပြန်လည်ပြုပြင်ရာမှာလည်း ကုန်ကျစရိတ်က အလွန်မြင့်တက်လျက် ရှိနေပြီး ပစ္စည်းဈေးနှုန်းကလည်း ၅ ဆခန့် မြင့်တက်နေတယ်လို့ ပူတာအိုဒေသခံတစ်ယောက်က ပြောပါတယ်။

“ဆိုင်ကယ်ပစ္စည်းတွေကလည်း ၅ ဆလောက် တက်သွားတာ ဟိုးအရင်ကထက်စာရင် ၅ ဆလောက် တက်သွားတာ။ ပူတာအို ကားလမ်းက မြစ်ကြီးနားကားလမ်းပွင့်ရင်တော့ ဝယ်လို့ရတယ်” လို့ ပြောပါတယ်။

ကယ်ရီခ ၁၀ သိန်းဝန်းကျင်ဟာ ခရီးစဉ်တစ်ကြောင်းစာသာဖြစ်ပြီး အသွားအပြန်ဆိုရင် သိန်း ၂၀ ခန့်ကုန်ကျတယ်လို့ သိရပါတယ်။

ပူတာအို –ခေါင်လန်ဖူး ကားလမ်းပိုင်းဟာမြေသားလမ်းဖြစ်တာကြောင့် ပုံမှန်အချိန်တွေမှာလည်း ခက်ခက်ခဲခဲသွားလာနေရတဲ့လမ်းပိုင်းဖြစ်ပြီး လက်ရှိမှာ တစ်လမ်းလုံးနီးပါး မြေသားပြိုပြီး ပျက်စီးထားတာကြောင့် ပြန်လည်ပြုပြင်ဖို့ ကြန့်ကြာမယ်လို့လည်း သိရပါတယ်။

related posts

Leave a Comment