Home » ကတူးစာပေ မြေပြင်မှာ စတင်သင်ကြား

ကတူးစာပေ မြေပြင်မှာ စတင်သင်ကြား

by Homeland Author

ကတူးစာပေသင်ကြားနိုင်ရေးကို ကတူးစာသင်ကြားရေးဦးဆောင်ကော်မတီမှ တာဝန်ယူအကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ကနဦးအနေဖြင့် Online Class (Zoom) နဲ့ အပတ်စဉ် (၂) အထိ သင်ကြားပြီးနောက် လက်ရှိမှာ မြေပြင်သင်ကြားရေးကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါတယ်။

ကတူးစာပေကို Online Zoom Class အပတ်စဉ် (၂) အထိ (၈၀) ဦးရေ သင်ကြားခဲ့ပြီး (၂၆ )ဦးမှာ ကတူးစာပေ စာမေးပွဲဖြေဆိုအောင်မြင်ခဲ့ကြောင်း၊ Certificate တွေ ထုတ်ပေးခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆုတွေ ချီးမြင့်ခဲ့တယ်လို့ ကတူးလူငယ်များအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

မြေပြင်သင်ကြားရေးကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ဘုံသုံးကတူးစာပေပေါ်ပေါက်ရေးဟာ ကတူးတိုင်းရင်းသားတို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှုအဖြစ် စတင်ခဲ့ကြပြီး ဆယ်စုနှစ်တစ်ခုကြာ အချိန်ယူခဲ့ကြရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဘုံသုံးကတူးစာပေကို အတည်ပြုနိုင်ခဲ့ပြီဖြစ်သလို သမိုင်းဝင် ကတူးစာပေနေ့ကို ကျင်းပနိုင်ခဲ့ကြောင်း ဆိုပါတယ်။

ဘုံသုံးကတူးစာပေ အတည်ပြုနိုင်ခြင်း၊ ကတူးစာပေနေ့ သမိုင်းဝင် ပေါ်ပေါက်လာခြင်း၊ ကတူးစာပေသင်ကြားနိုင်ခြင်းတို့ဟာ ကတူးလူမျိုးစု၊ ကတူးတိုင်းရင်းသားတွေအတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူဖွယ်ရာဖြစ်တယ်လို့ ကတူးလူငယ်များအဖွဲ့ချုပ်က ဆိုပါတယ်။

ကတူးလူမျိုးတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဝန်းသို၊ ကောလင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး တို့မှာ ရှမ်းနီလူမျိုးတွေနဲ့ ယှဉ်တွဲနေထိုင်ကြပြီး အများစုမှာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။

related posts

Leave a Comment