တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး လွှဲပြောင်းရယူလိုက်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို “ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့လိုက်တယ်လို့ သိရပါတယ်။
ဒီနေ့ကျင်းပတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးလွှဲပြောင်းပွဲ အောင်မြင်စွာ ပြီးမြောက်သွားတဲ့အတွက် ဝမ်းမြောက်မိတယ်လို့ UWSA က ဆိုပါတယ်။
ဒါ့အပြင် ရာထူးက အနားယူတော့မယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ အရေးကြီးတဲ့ တာဝန်တွေကို အောင်မြင်အောင် ထမ်းဆောင်ခဲ့ပြီး အခုလို တာဝန်တွေကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လွှဲပြောင်းပေးခဲ့တဲ့အပေါ် UWSA က စိတ်ရင်းမှန်နဲ့ ဂုဏ်ပြုစကား ပြောကြားလိုက်တာပါ။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ ဦးဆောင်မှုအောက်မှာ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေဟာ သူတို့ရဲ့ ရည်မှန်းချက်တွေကို ဆက်ပြီး ထိန်းသိမ်းသွားနိုင်မှာဖြစ်သလို၊ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အောင်မြင်အောင် ကာကွယ်စောင့်ရှောက်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။
နောက်ဆုံးမှာတော့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကျန်းမာရေးကောင်းမွန်ပြီး ပေးအပ်ထားတဲ့ တာဝန်တွေကို အောင်မြင်အောင် ထမ်းဆောင်နိုင်ပါစေကြောင်း UWSA က ဆုမွန်ကောင်း တောင်းပေးထားပါတယ်။
လက်ရှိမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်တွေကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ဒုတပ်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ခန့်အပ်လိုက်ပြီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးကိုလည်း တာဝန်ပေးလိုက်တယ်လို့ သိရပါတယ်။