စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကသာမြို့မှာ မနေ့က မတ်လ ၂၀ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ အများအပြားရှိခဲ့တယ်လို့ Indaw Revolution-IR က ထုတ်ပြန်ပါတယ်။
စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ကသာမြို့က မဟာလေးထပ်ဘုန်းကြီးကျောင်းကို မနေ့က မနက် ၁၁ နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရဟန်းသံဃာတွေနဲ့ အရပ်သားတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
လက်ရှိ သေဆုံးစာရင်းကိုတော့ အခုထိမသိရှိရသေးကြောင်း၊ လေးထပ်ကျောင်းဆောင်ကြီးတစ်ခုလုံး မီးလောင်းသွားခဲ့ပြီး အခြားကျောင်းဆောင်တွေလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတစ်ဦးက “ဆွမ်းစားချိန်ကြီး ကြဲတာ။ ရဟန်းသံဃာတွေ သေတာတွေ နဲ့ ပြည်သူသေတာတွေလည်း များတယ်။ အခုလောလောဆယ် သေဆုံး ၂၀ လောက်လို့တော့ကြားတယ်။ ဘုန်းကြီးတွေကို ဆွမ်းကပ်နေတဲ့ ဒကာမတွေဆို အခုထိ ရှာမတွေ့သေးဘူး”လို့ ပြောကြားထားပါတယ်။
အဲဒီ ဘုန်းကြီးကျောင်းဟာ ကသာမြို့ ရပ်ကွက် (၃) မှာရှိပြီး တခြားမြို့ပြင်နေရာဘက်တွေ ထွက်မပြေးနိုင်တဲ့ ပြည်သူ ၁၀၀ လောက်က အဲ့ဒီ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်ရင်း ခိုလှုံနေကြတာလို့ Indaw Revolution-IR က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှစ၍ ကသာမြို့ကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ဦးဆောင်မှုနဲ့ တော်လှန်ရေးအင်အားစုတွေ စစ်တပ်တပ်စွဲထားတဲ့ နေရာနဲ့ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနောက် မြို့ခံအများအပြားဟာ မိုးညှင်း နဲ့ အခြားသော ဒေသသို့ တိမ်းရှောင်သွားကြရသလို ထွက်မပြေးနိုင်တဲ့ ပြည်သူတွေဟာ ဘုန်းတော်ကြီးကျောင်းတွေဟာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။