Home » သဖန်းဆိပ်ဆည်က ​ရွှေတူးဖော်မှုလုပ်ငန်းတွေ လေကြောင်းတိုက်ခိုက်ခံရ

သဖန်းဆိပ်ဆည်က ​ရွှေတူးဖော်မှုလုပ်ငန်းတွေ လေကြောင်းတိုက်ခိုက်ခံရ

by Homeland Author

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ထဲက ​ရွှေ​မျောလုပ်ငန်းလုပ်ကိုင်​နေတဲ့ ​ရေ​ဖောင်​တွေကို ဟုမ္မလင်းက တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီး နဲ့ မနေ့က ညနေ ၃ နာရီမှာ ပစ်ခတ်သွားတယ်လို့ Infinity Group က ထုတ်ပြန်ပါတယ်။

အဲဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုများနိုင်ကြောင်း၊ ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ရေဖောင်တွေလည်း ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ ​သေဆုံးတဲ့ရုပ်အ​လောင်း ၃ ခုသာ ဆယ်ယူရရှိထားကာ ရှာ​ဖွေကယ်ဆယ်​ရေးလုပ်​ဆောင်ဖို့ ခက်ခဲ​နေတယ်လို့ ဆိုပါတယ်။

နီးစပ်သူတစ်ဦးက “အဓိက​တော့ ​​ဆည်ထဲမှာ ကောလင်းနယ်​ ​​ဂေါင်းဖြူဝန်းကျင်က ​ဖောင်​တွေ အထိများတယ်။​မီး​လောင်ပျက်စီးသွားတဲ့ ဖောင်အ​ရေအတွက်လဲများတယ်။ဒဏ်ရာရတဲ့သူ​တွေလဲရှိ​ပေမယ့် အ​ရေအတွက်​တော့ မသိရဘူး။​သေဆုံးသူ​တွေကလဲ ​ရေထဲဆို​တော့ ရှာရ​ဖွေရမလွယ်လှဘူး” လို့ ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်​နေ့ကလဲ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ထဲက ​ရေ​ဖောင်​တွေကို ပစ်မှတ်ထားကာ ဂျက်ဖိုက်တာ ၄ စီး နဲ့ ပစ်ခတ်ထားခဲ့တယ်လို့လည်း သိရပါတယ်။

စစ်တပ်ထောက်ခံအားပေးတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ တရားမဝင်ရွှေတူးဖော်နေတဲ့ PDF နဲ့ အပေါင်းအပါတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ရေးသားဖော်ပြကြပါတယ်။

ဟုမ္မလင်း​လေ​တပ် နဲ့ နီးစပ်ရာ စစ်ကိုင်းတိုင်းအထက်ပိုင်းက ကန့်ဘလူ၊ ကျွန်းလှ၊​ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊​ ဖောင်းပြင်၊​ မော်လိုက်နယ်​တွေအ​နေ နဲ့ ​လေ​ကြောင်းအန္တရာယ် သတိပြု​နေထိုင်ကြဖို့ Infinity Group က တိုက်တွန်းထားပါတယ်။

related posts

Leave a Comment