Home » ပြည်သူတွေကို ဗန်းမောက်မြို့ထဲ ပြန်နေခွင့်ပြုပြီဟု ပြော

ပြည်သူတွေကို ဗန်းမောက်မြို့ထဲ ပြန်နေခွင့်ပြုပြီဟု ပြော

by Homeland Author

ဗန်းမောက်မြို့ စစ်ဘေးရှောင်ပြည်သူတွေအနေဖြင့် မနေ့က၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ကစ၍ မြို့တွင်းပြန်လည်နေထိုင်ခွင့်ပြုပြီဖြစ်ကြောင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှတာဝန်ရှိသူတဦးက ပြောပါတယ်။

မြို့ခံပြည်သူလူထုအနေဖြင့်လည်း မနေ့ကစ၍ မိမိတို့ရဲ့နေအိမ်အခြေအနေတွေကို လာရောက်ကြည့်ကြကြောင်း၊ မြို့ခံတွေက အလျင်စလို ဝင်ရောက်ခြင်း မရှိသေးကြောင်း ပြောပါတယ်။

“ကျနော်တို့က မနေ့ကစပြီး စစ်ရှောင်တွေကို မြို့ထဲ ပြန်ဝင်ခွင့်ပြုပြီ၊ သူတို့လည်း တခါထဲ ပြန်ဝင်တာတော့ မဟုတ်သေးဘူး။ သူတို့ရဲ့ နေအိမ်အခြေအနေတွေ လာပြန်ကြည့်ကြတာ၊ ပြန်လာလေ့လာတဲ့ သဘောပဲ ရှိသေးတယ်။ ကျနော်တို့ကတော့ ပြန်ဝင်ခိုင်းပြီ၊ သူတို့အနေနဲ့လည်း ပြန်လာနေရင် ဈေးတွေ ဘယ်လိုဝယ်မယ်၊ ဘယ်လိုလုပ်ကိုင်စားသောက်မယ် အဲလို လေ့လာနေတာ၊ တဖြည်းဖြည်းနဲ့တော့ ပြန်ဝင်နေကြပြီ။ ကျနော်တို့ကတော့ အတင်းအကျပ်တော့ မလုပ်ပါဘူး။ ဘာလို့ဆို သူတို့က စစ်ဘေးရှောင်နေကြရတာ အခုက အတင်းအကျပ်ပြန်ဝင်ပါဆိုရင်လည်း မကောင်းဘူးလေ” လို့ ပြောပါတယ်။

မိမိတို့ အနေဖြင့် ဗန်းမောက်တမြို့လုံးကို မိုင်းရှင်းလင်းရေးအတွက် ပိုက်စိပ်တိုက် မလုပ်ဆောင်ရသေးတဲ့အတွက် ပြည်သူတွေအနေဖြင့် မိမိတို့ရဲ့ နေအိမ်တွေ ခြံဝင်းတွေမှာ ထူးခြားမှု တစုံတရာ တွေ့ရှိပါက လာရောက်အကြောင်းကြားပေးဖို့ အသိပေးပြောကြားထားတယ်လို့ ပြောပါတယ်။

ဗန်းမောက်မြို့ခံတဦးကလည်း “ဘယ်လို ခံစားရသလဲဆိုတော့ ပျော်တာပေါ့။ လမ်းကလေး ချောချောချူချူဖြစ်သွားရင်ကိုပါ့။ အခုလို ပြန်ရတော့ ဝမ်းသာတာပေါ့။ မဟုတ်ရင်တော့ စိတ် မချမ်းသာနိုင်ဘူးပါ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ KIA နဲ့ လက်အောက်ခံတပ်ဖွဲ့တွေဟာ ဗန်းမောက်မြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

KIA ပူးပေါင်းအဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဗန်းမောက်မြို့ခံအများအပြား နဲ့ ကျေးရွာပြည်သူလူထုတို့ မြို့ရဲ့ အနောက်ခြမ်း SNA ထိန်းချုပ်ဒေသသို့ သွားရောက်တိမ်းရှောင်ခဲ့ကြရပါတယ်။

အဲဒီနောက် SNA နဲ့ တပ်တို့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဗန်းမောက်မြို့ကို အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဗန်းမောက်မြို့စစ်ဘေးရှောင်ပြည်သူတွေ မိမိတို့ရဲ့ နေရပ်ပြန်ဝင်နိုင်ရေး လုပ်ဆောင်နေကြပြီဖြစ်တယ်လို့ သိရပါတယ်။

related posts

Leave a Comment