စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့ ခိုပဲဝဆိပ်ကမ်းမှာ မော်တော်ယာဉ်နှစ်စီး ဒီနေ့ မတ်လ ၂၉ ရက် နေ့လယ် ၁ နာရီမှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ မီးလောင်ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုရှိခဲ့ကြောင်း သို့သော်လည်း အသေးစိတ်အခြေအနေကို မသိရှိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မီးလောင်ပျက်စီးသွားတဲ့ မော်တော်ယာဉ်က “ဝေယံအောင်” မော်တော်လို့ ပြောတယ်။ ပလပ်ပေါက်မီးလောင်တာကနေ လောင်တာတဲ့၊ လူ နှစ်ယောက် လွင့်သွားတယ် ပြောတယ်၊ မီးလောင် ပေါက်ကွဲလိုက်တော့ လူတစ်ယောက်လား နှစ်ယောက်လားမသိဘူး သေတယ်တဲ့။ အတိအကျတော့ မသိရသေးဘူး”လို့ ပြောပါတယ်။
မီးလောင်ပျက်စီးတဲ့ မော်တော်ယာဉ်တစ်စီးက မုံရွာကနေ တက်လာတဲ့ ရေယာဉ်ဖြစ်ပြီး ကျန်တစ်စီးမှာ ခိုပဲဝဆိပ်ကမ်းက ဆီသွားကဲတဲ့ (မော်တော်ယာဉ်တစ်စီးမှ ဆီကို အခြားတစီးထံ ပြောင်းသယ်ယူခြင်း) မော်တော်ယာဉ်ဖြစ်ကြောင်း ပြောပါတယ်။
အဲဒီ မော်တော်ယာဉ် မီးလောင်ပျက်စီးမှု အခြေအနေ၊ လူသေဆုံးမှုရှိတယ်လို့ ပြောဆိုမှုနဲ့ ပတ်သက်လို့ Homeland News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်သေးဘဲ အသေးစိတ် သိရှိနိုင်ဖို့ ဆက်လက် မေးမြန်းနေဆဲဖြစ်ပါတယ်။