မိမိတို့ရဲ့ ရှမ်းနီဒေသ၊ အမျိုးဘာသာ၊ သာသနာအတွက် တာဝန်ထမ်းဆောင်ကာကွယ်ရင်း အသက်ပေးလှူခဲ့ကြတဲ့ စစ်သည်တော် သူရဲကောင်းတွေကို အောက်မေ့သတိရခြင်း နဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဒီနေ့ မတ်လ ၂၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တပ်ဟာမ ၆၁၄ နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့ပြီး SNA မှ ခေါင်းဆောင်တွေ တပ်ဖွဲ့ဝင်တွေ နဲ့ ပြည်သူလူထုတွေ တက်ရောက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
မိမိတို့ရဲ့ အသက်၊ သွေးချွေးတွေကို ပဓာန မထားဘဲ ရှမ်းနီဒေသ၊ ရှမ်းနီလူမျိုးအတွက် ရဲရဲဝံ့ဝံ့ ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ သူရဲကောင်း စစ်သည်တော်တွေကို အစဉ်ထာဝရလေးစား ဂုဏ်ပြုကြောင်း ဒေသခံတဦးက ဆိုပါတယ်။
SNA တပ်မဟာ ၆၁၄ ထိန်းချုပ်ဒေသ ဗန်းမောက်မြို့ နဲ့ ကျေးရွာအများစုမှာ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ဦးဆောင်အဖွဲ့ နဲ့ SNA တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။


