ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရိူးမြို့ မိုင်းယော်တိုက်နယ် နားပင်းကျေးရွာရှိ ရှင်လောင်းပွဲမှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဖမ်းဆီးသွားတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အမြန်ဆုံးပြန်လွတ်ပေးဖို့ ရှမ်းအရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်က နေ့လည် ၂ နာရီခန့်က နားပင်းကျေးရွာရှိ ရှင်လောင်းပွဲမှာ နန်းယိင်းဟွမ်ကို ဖခင်ဖြစ်သူ နဲ့ သူငယ်ချင်းဖြစ်သူရှေ့မှာ MNDAA က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။
နန်းယိင်းဟွမ်ဟာ မိုင်းယော်တိုက်နယ် လုံမွန်ကျေးရွာဇာတိဖြစ်ပြီး မိုင်းယော်မြို့ရှိ ဖုန်းအရောင်းဆိုင်တစ်ခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၇ ရက် မနက် ၆ နာရီဝန်းကျင်က လုံမွန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ MNDAA တပ်ဖွဲ့မှ တပ်သားနှစ်ဦး စကားများရန်ဖြစ်ကြပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွါးကာ တစ်ဦးသေဆုံးခဲ့ကြောင်း၊ အဆိုပါ တပ်သားနှစ်ဦး သေဆုံးကာ စကားများရန်ဖြစ်ကြသည်မှာ နန်းယိင်းဟွမ်ကြောင့်ဟုဆိုကာ MNDAA က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်တယ်လို့ ပြောပါတယ်။
နန်းယိင်းဟွမ်မှာ အဆိုပါ ရန်ဖြစ်သူ MNDAA တပ်သားတွေနဲ့ ဖုန်းအရောင်းဆိုင်မှာ သိကျွမ်းသည်ကလွဲ၍ မည်သည့်ဆက်ဆံရေးမှမရှိသူဖြစ်ကြောင်း၊ လက်ရှိ နန်းယိင်းဟွမ်ဖမ်းဆီးခံရသည်မှာ ၂၂ ရက်ခန့်ရှိနေပြီဖြစ်ပြီး မိသားစုဆွေမျိုးများနှင့်မှ တွေ့ဆုံခွင့် မရသေးကြောင်း ဆိုပါတယ်။
နန်းယိင်းဟွမ်လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာရပ်မိရပ်ဖ၊ အရပ်ဘက်အဖွဲ့အစည်းတွေက နည်းမျိုးစုံတောင်းဆိုခဲ့ကြသော်လည်း MNDAA တပ်ဖွဲ့မှ လွတ်ပေးခြင်းမရှိတဲ့အပြင် နန်းယိင်းဟွမ်မှာ အပြစ်ရှိသည်ဟူသော အဓိပ္ပာယ်သက်ရောက်တဲ့ တုန့်ပြန်ချက်တွေကိုသာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
နန်းယိင်းဟွမ်ဟာ အသက်သတ်မှတ်ချက်အရ အသက်မပြည့်သေးတဲ့ ကလေးသူငယ် မိန်းကလေးတစ်ဦးသာဖြစ်ပြီး မည်သည့်အပြစ်မှမရှိသူဖြစ်ကြောင်း နန်းယိင်းဟွမ်အဖမ်းဆီးခံရမှုကြောင့် အသက် ၇၅ နှစ်အရွယ် သူရဲ့ အဖွားဖြစ်သူမှာလဲ စိတ်ထိခိုက်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆုံးပါးသွားခဲ့တယ်လို့ တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။
MNDAA တပ်ဖွဲ့အနေနဲဲ့ မတရားဖမ်းဆီးထားတဲ့ နန်းယိင်းဟွမ်ရဲ့ အသက်လုံခြုံရေးကို အာမခံပေးဖို့နဲ့ ချွင်းချက်မရှိ အမြန်ဆုံးပြန်လွတ်ပေးဖို့ တောင်းဆိုထားပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) က ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားတာဖြစ်ပြီး လက်ရှိမှာ အုပ်ချုပ်ရေး ယန္တယားတွေ လည်ပတ်နိုင်ရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။